အောက်တိုဘာ-၂၀၊၂၀၂၆။သတိုး/People’s Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ် ဦးဆောင်တောင်းဆိုနေတဲ့ Free Her ကမ်ပိန်းမှာပါဝင်ပေးကြဖို့နဲ့ ကမ်ပိန်း Postcard တွေကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ မြန်မာသံရုံးတွေကို ပို့ဆောင်ကြဖို့ All in One Movement ကတောင်းဆိုလိုက်ပါတယ်။
“FREE HER လှုပ်ရှားမှုများ စီစဉ်ပါ။ မြန်မာသံရုံးများရှေ့တွင် ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ပို့စကတ်နှင့် စာများ ပေးပို့ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးပါ။” လို့တိုက်တွန်းထားပါတယ်။
Free Her ကမ်ပိန်း Website (https://free-her-aung-san-suu-kyi-campaign.pages.dev/) မှာ Postcard တွေဒေါင်းပြီး ကိုယ်နေထိုင်တဲ့ နိုင်ငံတွေရဲ့ မြန်မာသံရုံးတွေကို ပို့ဆောင်ပေးကြဖို့ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီကိုစာရေးသား တောင်းဆိုဖို့လည်း အကြံပြုထားပါတယ်။

Public Service Announcement
ဒီကမ်ပိန်းကို လုပ်ဆောင်ရတာက ဒေါ်အောင်ဆန်းစုကြည် မိသားစုနဲ့ အမြန်ဆုံး ပုံမှန်တွေ့ဆုံခွင့်ရဖို့ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
“မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးနေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကျွန်တော် မေးချင်တယ်။ သူ့လုပ်ရပ်တွေအတွက် တာဝန်ခံဖို့၊ ကျွန်တော့်မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ခင်ဗျားတို့ တောင်းဆိုခဲ့ကြရဲ့လား။” လို့ ကင်မ်က ဒီနေ့(အောက်တိုဘာ၂၀) သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ မေးခွန်းထုတ်ထားပါတယ်။
မိခင်က အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် မတရားဖမ်းဆီးကာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ခံထားရတယ်လို့ ကင်မ်ကရင်ဖွင့်ထားပါတယ်။
“ကျွန်တော် လိုချင်တာ မများပါဘူး။ မေမေ့ဘဝရဲ့ ကျန်ရှိတဲ့အချိန်လေးတွေကို မိသားစုနဲ့အတူ အေးအေးချမ်းချမ်း ဖြတ်သန်းစေချင်တာပါပဲ။မေမေလည်း လွတ်လပ်ခွင့်ရသင့်တယ်။ မြန်မာပြည်သူတွေလည်း လွတ်လပ်ခွင့်ရသင့်တယ်။
မေမေ့ကို လွှတ်ပေးပါ။ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါ။” လို့ ကင်မ်ကတောင်းဆိုထားပါတယ်။




















































