Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူး-မတ္တရာနယ်‌ ဒေသခံတွေ ထပ်မံ နေရပ်စွန့်ခွာရ

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်က ရေလည်ကျွန်းကျေးရွာတွေဟာ အရေးပေါ်ပြောင်းရွှေ့မှုတွေပြုလုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သူတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)

အောက်တိုဘာ-၂၀၊ ၂၀၂‌၆။ ကတ်သရင်း/People’s Spring

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်က ရေလည်ကျွန်းကျေးရွာတွေဟာ အရေးပေါ်ပြောင်းရွှေ့မှုတွေပြုလုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာတွေဟာ မန္တလေးမြို့နဲ့ သိပ်မဝေးသလို မြို့နယ်ချင်းထိစပ်နေတဲ့ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေဖြစ်ပါတယ်။

မတ္တရာမြို့နယ်မှာ ရေလည်ကျွန်းရွာနဲ့ မြစ်ကမ်းဘေး ကျေးရွာတွေဖြစ်တဲ့ မိုးကြိုးရွာ၊ အိုင့်ဒိုင်ရွာတွေကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ဦး သေဆုံးပြီး ပြည်သူ ၇ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကျေးရွာတွေဘက်မှာ တော်လှန်ရေးတပ်တွေ ဝင်ထွက်တာ၊ စစ်ရေး လှုပ်ရှားတာမျိုး မရှိဘဲ စစ်တပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“PDFရှိမယ်အထင်နဲ့ ကြဲတာ နေမှာပေါ့ဗျာ။ ပြည်သူတွေပဲထိတာပေါ့။ အဓိက,က အမျိုးသမီးတွေပဲ ထိတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သဖန်းထောင့်ရွာ နဲ့သုံးဆယ်ပေကျေးရွာတွေကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။

အလားတူပဲ မတ္တရာမြို့နယ်နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ စဉ့်ကူးမြို့နယ် ဟင်္သာမအုပ်စုက ရွာတွေမှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်က ဟင်္သာမရွာရဲ့ အနောက်ဘက်က စဉ့်အိုးကျွန်းရွာပေါ်ကို စစ်တပ်က ညနေ ၆နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့ပါတယ်။

‌ဗုံးကြဲခံရမှုမှာ စင်အောက်ကို ဝပ်နေတဲ့ ဒေသခံ အမျိုးသမီး၂ဦးနဲ့ အမျိုးသား ၁ဦး သေဆုံးပြီး ၁ဦးက ဒဏ်ရာပြင်းထန်ရခဲ့ပါတယ်။

နောက်ပြီး ထုံးကြီးရွာရဲ့ အနောက်ဘက် ဧရာဝတီမြစ်ကြောင်းက ဆင်ကျွန်း၊ မြေနုကျွန်းတွေပေါ်ကိုလည်း Y-12၊ Mi-35တို့နဲ့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဓိက လေကြောင်းတိုက်ခိုက်ခံနေရတဲ့ နေရာတွေဟာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း ဆက်စပ်နေတဲ့ ဧရာဝတီမြစ်အတွင်းက ကျေးရွာတွေဖြစ်ပြီး ၂၀၂၁ခုနှစ်ကတည်းက စစ်ဒဏ်ကို ခံစားရတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

မန္တလေးတိုင်း မြောက်ဘက်ခြမ်းကို စိုးမိုးနိုင်လာတဲ့ စစ်တပ်ဟာ စဥ့်ကူးနဲ့ မတ္တရာမြိုနယ်တို့ကို အလုံးစုံနယ်မြေစိုးမိုးနိုင်ပေမယ့် စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်တို့နဲ့ထိစပ်နေတဲ့ ကျေးရွာ ၃၀ လောက်ကိုတော့ စိုးမိုးနိုင်ခြင်းမရှိသေးပါဘူး။

အဲဒီရွာတွေကို စစ်တပ်က လာ‌ရောက် အထိုင်ချပြီး နယ်မြေ စိုးမိုးဖို့ ကြိုးစားချိန်မှာလည်း တော်လှန်ရေးတပ်တွေရဲ့ အကြိမ်ကြိမ်ဝင်တိုက်ခြင်း ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက် မနက် ၄နာရီမှာ စဉ့်ကူးမြို့နယ် သဲအင်းရွာကို တပ်စွဲထားတဲ့ စစ်တပ်နဲ့ မတ္တရာမြိုနယ် ရှင်လှရွာကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဩဂုတ်လအတွင်းကလည်း ကြိမ်တောရွာနဲ့ ကုန်းတန်းကြီး ရွာက စစ်တပ်အထိုင်စခန်းတွေ တိုက်ခိုက်ခံရပြီး စစ်သား ၆ဦး သေဆုံးကာ စစ်သုံ့ပန်းအရှင်ဖမ်း‌ဆီးရရှိမှုတွေလည်း ရှိခဲ့ပါတယ်။

အဲဒီလိုအထိနာမှုတွေနောက် စစ်တပ်ရဲ့ ဒေါသဟာ ဒေသခံပြည်သူတွေအပေါ်ပုံကျလာပြီး နေ့စဉ် လေကြောင်းတိုက်ခိုက်မှူနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေပြုလုပ်နေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၆ ခုနှစ် ဩဂုတ်ကနေ အောက်တိုဘာ သုံးလအတွင်းမှာ စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ္တရာနဲ့ စဉ့်ကူးမြို့နယ် ရေလည်ကျွန်း ကျေးရွာတွေမှာ စစ်တပ်ရဲ့ ဒရုန်း၊ ရဟတ်ယာဉ်တို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂ဦးကျော်ဒဏ်ရာတွေရခဲ့ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း လူသေဆုံးမှုများတဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြီးမှာ စစ်တပ်က ဒီရွာတွေဘက် လူအရိပ်အယောင်တောင်မမြင်ချင်ဘူးလို့ ပြောကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒါကြောင့်လည်း ဒေသခံတွေပြောင်းရွှေ့နေကြတာလို့ ဆိုပါတယ်။

ကျွန်းပေါ်ကျေးရွာတွေအားလုံးဟာ အခုအချိန်က စိုက်ပျိုးရာသီဖြစ်နေပြီး အားလုံး လယ်ယာစိုက်ပျိုးဖို့ ပြင်ဆင်နေကြချိန် စစ်တပ်က စိုက်ပျိုးခွင့် လုံးဝ မပေးတော့တာလည်းဖြစ်ပါတယ်။ ကျွန်း မြေပဲကို အဓိကထား စိုက်ပျိုးနေကြရတဲ့ ဒေသခံ တောင်သူတွေဟာ တနှစ်မှာ ဒီတရာသီပဲ စိုက်ပျိုးခွင့်ရကြတာလို့ သိရပါတယ်။

အခုတော့ နေ့စဥ် စစ်တပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးရန် ကြောင့် ဒေသခံတွေဟာ နေရပ် စွန့်ခွာထွက်ပြေးဖို့ ထပ်မံ ပြင်ဆင်နေကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတာ ကြောင့် ဒေသခံ အမျိုးသမီး၂ဦး သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်က ထုံးကြီးနယ်မြေရဲစခန်းကနေ ကျွန်းရွာ‌တွေဘက်ကို သင်္ဘောနဲ့စစ်ကြောင်းထိုးဖို့ဆင်းလာစဉ် တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ဦး သေဆုံးပြိး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။