အောက်တိုဘာ ၂၀၊ ၂၀၂၆။ ဇော်ဝင်း / People’s Spring
ကမ္ဘာ့အကြီးဆုံး စာရင်းကိုင်နဲ့ စီးပွားရေးအကြံပေးဝန်ဆောင်မှုလုပ်ငန်း ကွန်ရက်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ PwC (PricewaterhouseCoopers) ဟာ မြန်မာနိုင်ငံက ထွက်ခွာတော့မယ်လို့ ကြေညာပါတယ်။
ဒီကနေ့ထုတ် စစ်တပ်လက်အောက်ခံ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြချက်အရ ဒေဝါလီခံယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ (Insolvency Law) ပုဒ်မ ၁၅၆ နဲ့ ဒေဝါလီခံယူခြင်းဆိုင်ရာ နည်းဥပဒေ ၉ နဲ့ ၃၂ တို့အရ ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို စာရင်းရှင်းလင်း ဖျက်သိမ်းဖို့ (Winding-up) ဆောင်ရွက်နေတယ်လို့ ပါရှိပါတယ်။
ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းရှင်းလင်းဝေခြမ်းဖို့အတွက် စာရင်းရှင်းလင်းဖျက်သိမ်းသူ (Liquidator) ခန့်အပ်ရေးနဲ့ ကြွေးရှင်များကော်မတီ ဖွဲ့စည်းဖို့အတွက် အောက်တိုဘာလ ၃၀ ရက်မှာ အစည်းအဝေးလုပ်မယ်လို့လည်း ဖော်ပြထားပါတယ်။

Public Service Announcement
လန်ဒန်အခြေစိုက် PwC ဟာ ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ထွက်ခွာရတဲ့ အကြောင်းအရင်းအသေးစိတ်ကို သတင်းစာပါ ကြေညာချက်မှာ မဖော်ပြထားပါဘူး။
မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံသူတွေ၊ ပြည်တွင်းပြည်ပ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေအတွက် စီးပွားရေးဆိုင်ရာ အကြံပေးတာ (Advisory)၊ အခွန်ဆိုင်ရာ အကြံပေးတာ (Tax)၊ ဘဏ္ဍာရေး စာရင်းစစ်ဆေးတာ (Assurance)၊ ဈေးကွက်ဝင်ရောက်ရေးနဲ့ စီးပွားရေးဖွဲ့စည်းပုံ ပြင်ဆင်တာ စတဲ့ ဝန်ဆောင်မှုတွေကို PwC ဆောင်ရွက်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း စီးပွားရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တယ်လို့ စီးပွားရေးအကြံပေးတစ်ဦးက မှတ်ချက်ပြုပါတယ်။
“ရင်းနှီးမြှုပ်နှံမှု အသစ်မပြောနဲ့ အဟောင်းတွေမရှိတော့တာနဲ့ ပြည်တွင်းစီးပွားရေး ဘယ်လောက် အခြေအနေဆိုးနေလဲဆိုတာ ဒီလို လုပ်ငန်းစုကြီးတွေ ထွက်ရတာက သက်သေပဲ” လို့ သူက ပြောပါတယ်။
ဒါ့အပြင် အခုလပိုင်းအတွင်း ဆောက်လုပ်ရေးကုမ္ပဏီတွေ စာရင်းရှင်းလင်းဖျက်သိမ်းတာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေထဲက အထည်ချုပ်လုပ်ငန်းတွေ ရပ်ဆိုင်းတာနဲ့ ထုတ်ပိုးမှုလုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ရပ်နားနေတဲ့ အခြေအနေတွေ ကြုံနေပါတယ်။
ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ ထိန်းချုပ်ထားတဲ့ စစ်အုပ်စုရဲ့ သွင်းကုန်ထုတ်ကုန် ကန့်သတ်ချက်တွေ၊ ငွေကြေးဖောင်းပွမှု (ကုန်ဈေးနှုန်းမြင့်တက်မှု) နဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတာတွေက အဓိက အခက်အခဲဖြစ်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
PwC လုပ်ငန်းကွန်ရက်ကြီးဟာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံကျော်ရှိပြီး ကမ္ဘာတစ်ဝန်း ပညာရှင်နဲ့ ဝန်ထမ်းပေါင်း ၃၆၀,၀၀၀ ကျော် လုပ်ကိုင်နေတယ်လို့ ကွန်ရက်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။




















































