■ကမ်းစပ်တိုက်ပွဲမှာစစ်သား၁၀ဦးကျော်သေပြီး၂၀ဦးဝန်းကျင်လက်နက်ချပြီးအလင်းဝင်
■AAက အမြင့်ကျွန်း၊ငတောက်တက်ရွာတို့ဘက်ကနေ ပါဒလိတ်တပ်ရင်းတွေကိုဝိုင်းတိုက်နေ
အောက်တိုဘာ-၂၀၊၂၀၂၆။ခိုင်မြတ်/ People’s Spring
စစ်တွေတိုက်ပွဲတွေမှာ စစ်တပ်က ဒီနေ့ အမြန်မော်တော်လှေ( speedboat)တွေနဲ့ ကမ်းတက်ဖို့ ဆက်ကြိုးစားလာပြီး အာရက္ခတပ်တော်ကတိုက်ခိုက်ရာ ကမ်းစပ်မှာ တိုက်ပွဲပြင်းထန်ပြီး စစ်သား ၁၀ ဦးကျော်သေဆုံးကာ ၂၀ ဦး ဝန်းကျင် လက်နက်ချခဲ့ကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

Public Service Announcement
စစ်တပ်က ငပြီကျွန်းပေါ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကတည်းက ကမ်းတက်ခဲ့တာဖြစ်ပြီး လက်ရှိမှာကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲက အားလုံးနီးပါးသေဆုံးသွားခဲ့ပြီဖြစ်တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကစပြီး ဒုတိယအကြိမ်ကမ်းတက်ဖို့ ဆက်ကြိုးစားနေတာဖြစ်တယ်လို့ စစ်ရေးရင်းမြစ်တွေကပြောပါတယ်။
“၁၇ ရက်နဲ့ ၁၈ ရက်နေ့မှာ နှစ်ရက်တိုက်ကမ်းတက်ဖို့လုပ်တယ်။ မအောင်မြင်ဘူး။သူတို့သင်္ဘောပဲထိပြီးပြန်လှည့်ခဲ့ ရတယ်။ ဒီနေ့ကျတော့ မြစ်လယ်လောက်က Speedboat တွေနဲ့ကမ်းကပ်လာတာ၊ကမ်းစပ်မှာပဲကိုယ့်လူတွေ အလုပ်လုပ်ကြတော့ အလောင်း ၁၀ ကျော်ရတယ်။ ကျန်တဲ့ကောင်တွေအကုန် အလင်းဝင်တယ်။ ၂၀ လောက်ရှိမယ်” လို့ မြေပြင်မှာရှိနေတဲ့ AA နဲ့နီးစပ်သူသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာSpeedboatလေးစီး၊စစ်သားအင်အားသုံးဆယ်ကျော်နဲ့ ငပြီကျွန်းကိုကမ်းတက်ဖို့ကြိုးစားလာတာဖြစ်ပြီးကမ်းကပ်နိုင်ခဲ့ပေမယ့် အပေါ်မရောက်ဘဲ ကမ်းစပ်တိုက်ပွဲမှာပဲ စစ်ကြောင်းတခုလုံး သေဆုံးတာ၊လက်နက်ချတာနဲ့ ကုန်သွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း ကုလားတန်မြစ်ပြင်ရှိ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာကြောင့် AA တပ်ဖွဲ့ဝင်အချို့ လည်း ထိခိုက်ခဲ့တာရှိတယ်လို့ အထက်ပါသတင်းရင်းမြစ်တွေကပြောပါတယ်။
“လက်နက်ကြီးပစ်တဲ့နေရာ ခြောက်ခုလောက်ရှိတယ်။စစ်တွေဘက်နေရာခြောက်ခုလောက်ကနေ တောက်လျှောက်ပစ်နေတာ။ ငပြီကျွန်းကို သင်္ဘောတွေ ရံပြီးတော့ အမြဲတမ်းတက်ဖို့ ကြိုးစားနေကြတယ်။ ကိုယ့်လူတွေ ကလည်း ဒရုန်းတွေ၊ အမြောက်တွေနဲ့ လိုက်ချတယ်” လို့ ပေါက်တောမြို့နယ်မှ စစ်ရေးနဲ့နီးစပ်တဲ့ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့မှာလည်း ငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားခဲ့ပြီးAAပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီးစစ်သေင်္ဘာတစီးထိမှန်ကာစစ်သား ၁၀ ကျော် သေဆုံးခဲ့ရပါတယ်။စစ်သင်္ဘောတွေလည်းကမ်းမကပ်နိုင်ခဲ့ပါဘူး။
“အခုနောက်ပိုင်းစစ်တပ်ကလေယာဉ်တွေသိပ်မသုံးတော့ဘူး။ဆူဆိုက်ဒရုန်းတွေ အများကြီးသုံးလာတယ်။ဒရုန်း တွေဆိုရင် ခေါင်းပေါ်မှာ ဝဲနေတာ အချိန်ပြည့်ပဲ၊ တခါဝဲရင် နှစ်နာရီလောက်ထိ ကြာတယ်”လို့တိုက်ပွဲဧရိယာအနီး မှာ ရှိနေတဲ့ ပေါက်တောဒေသခံက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားနေတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်နေသလို စစ်တွေမြို့ နယ်အတွင်းက စစ်တပ်ရဲ့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)စစ်တွေအပါအဝင်စစ်တပ်ရဲ့တပ်ရင်းတပ်စခန်းတွေကိုအနောက်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်တို့ကနေ ဝန်းရံပိတ်ဆို့ပြီး တိုက်ခိုက်နေပါတယ်။
လက်ရှိမှာ စစ်တွေမြို့အနောက်ဘက် ရေချမ်းပြင်အနီးဝန်းကျင်၊မြောက်ဘက်အမြင့်ကျွန်း၊ တောကန်၊ ငတောက် တက်၊ ကျားမသောက်နဲ့ အရှေ့ဘက်ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။
“ပါဒလိတ်ဘက်မှာတိုက်ပွဲပိုပြင်းနေတယ်။ ပါဒလိတ်ပတ်လည်ပေ့ါ၊အမြင့်ကျွန်းဘက်ကရော၊ ငတောက်တက်ဘက်ကရောဝိုင်းပြီးတိုက်နေတယ်။အမြင့်ကျွန်းကလက်ကျန်စခန်းတွေကို ရှင်းနေတယ်။ အမြင့်ကျွန်းမှာလည်း ကိုယ့်ဘက်က အခြေအနေကောင်းတယ်” AA သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်တွေ ဒကစ နဲ့ နှစ်မိုင်ဝန်းကျင်အကွာမှာရှိတဲ့ ကျားမသောက်တပ်ရင်းအနီးဝန်းကျင်ရှိ တောကန်၊ ရာတန်ကျေးရွာ တဝိုက် စစ်တပ်ကာကင်းစခန်းတွေကိုလည်း AA ကတိုက်ခိုက်နေပါတယ်။
ပါဒလိတ်ရွာမှာ စစ်တပ်ရဲ့ ခလရ ၂၃၂၊ ခမရ ၃၄၄၊ အမှတ်(၁၀)ပညာရေးသင်တန်းကျောင်းနဲ့ အမှတ်(၃၄၃) စစ်လက်နက်ပစ္စည်းတပ်ခွဲတို့ အခြေခိုက်ပြီး ကျားမသောက်ရွာမှာတော့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းအခြေစိုက်ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ စစ်တွေမြို့ကို ကားလမ်းအတိုင်းလာရင် အမြင့်ကျွန်း၊ ပါဒလိတ်၊ ကျားမသောက်တို့ကို အရင်ရောက်ပါတယ်။ အဲဒီကနေ ဆက်လာရင် ဒကစစစ်တွေနဲ့ ကပ်ရပ် နာရီကန်ရွာကို ရောက်ပါတယ်။
စစ်တပ်ကစစ်တွေမြို့အရှေ့ဘက်ရှိငပြီကျွန်းပေါ်ကို အင်အားအလုံးအရင်းသုံးကမ်းတက်ဖို့ ကြိုးစားနေချိန်မှာ AA ဟာ စစ်တွေမြို့ပတ်လည်က အခြေစိုက်တပ်ရင်းတွေနဲ့ ဒကစတို့အနီးဆုံးထိ ချဥ်းကပ်ပြီး ထိုးစစ်အဟုန်မြှင့်လာခဲ့ တာဖြစ်ပါတယ်။
ရွှေမင်းဂံရေတပ်စခန်းရဲ့ အရှေ့ဘက် ကုလားတန်မြစ်လယ်ကျွန်း(ငပြီကျွန်း)ကို ထောက်ပို့လေယာဉ် Y12 ၊ တိုက် လေယာဉ် အစီး ၁၀ ကျော်၊ စစ်သင်္ဘော ၅ စီးခန့်နဲ့ ပစ်ကူပေးပြီး အောက်တိုဘာ ၇ ရက်နေ့ကစ ကမ်းတက် ခဲ့တာဖြစ်ပြီး ကမ်းပေါ် စစ်သားဆယ်ချီတက်နိုင်ခဲ့ ပါတယ်။
ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲကလည်းကျွန်းပေါ်မှာသေဆုံးသူ ၄၀ ဝန်းကျင်၊ အရှင်အဖမ်းခံ ရသူ ၂၀ ဝန်းကျင် ရှိကာ စစ်တပ်ခြေကုတ်နေခဲ့တဲ့ စခန်းတခုကိုလည်း AA က ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ငပြီကျွန်းတိုက်ပွဲမှာ စစ်တပ်က အဓမ္မစုဆောင်းစစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေအများအပြားကို အသုံးပြုပြီး အသေခံတိုက်ခိုင်းနေ တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်က ကမ်းတက်ဖို့ ကြိုးစားနေတဲ့ ငပြီကျွန်းဟာ စစ်တွေမြို့ရဲ့ အဓိက ရေတပ်ထောက်ပို့ကာကင်းစခန်းကြီးရွှေမင်းဂံရေတပ်ရဲ့အရှေ့ဘက်တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပါတယ်။ စတုရန်းဧကလေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။အဲဒီကျွန်းပေါ်မှာ လူနေကျေးရွာသုံးရွာ တည်ရှိပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီးတန်ပြန် ထိုးစစ်ဆင်နေခဲ့တာ တလခွဲကျော်ရှိလာပြီ ဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလခွဲကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက စစ်တပ်စခန်း ၁၂ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၆ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်းရာချီ ရှိနေပြီဖြစ်တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။




















































