– ဥဂ္ဂါ ရေးသားသည်။
သူတို့ဟာ အရေအတွက်အားဖြင့် မဲဆန္ဒရှင်အားလုံးထဲမှာအနည်းစုသာဖြစ်ပေမယ့် အလွန်အရေးကြီးတဲ့ အုပ်စုတစ်ခု ဖြစ်ပါတယ်။ သူတို့ ဘယ်လိုမဲပေးကြမလဲဆိုတာက ဒီနှစ် ရီပတ်ဘလစ်ကန်ပါတီရဲ့ ရွေးကောက်ပွဲအောင်မြင်မှု၊ ရှုံးနိမ့်မှုတွေအပေါ် အကြီးအကျယ် သက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။ သူတို့ရဲ့ ပြောစကားတွေနဲ့ ဆုံးဖြတ်ချက်တွေကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ပါတီက အသာစီးရမလဲဆိုတာကို အဆုံးအဖြတ် ပေးနိုင်ပါတယ်။
ဒီနှစ်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ နေရာဒေသတွေမှာ အဓိကထား လုပ်နေပါတယ်။ အဲဒီဒေသတွေမှာ အရင်က ထရမ့်ကို ထောက်ခံခဲ့ကြပေမယ့်အခုတော့ သူ့ရဲ့ သမ္မတအဖြစ် ဆောင်ရွက်မှုတွေအပေါ် စိတ်ပျက်သွားကြတဲ့ မဲဆန္ဒရှင်တွေကို အဓိကထားပြီး မဲဆွယ်စည်းရုံးနေကြတာ ဖြစ်ပါတယ်။
ဂျော်ဂျီယာပြည်နယ်၊ ကျေးလက်ဒေသဖြစ်တဲ့ ဘလက်ခ်ခရိခ်မြို့မှာ နေထိုင်သူ ရစ်ခ်ဆီဘရင်းဟာလည်း အဲဒီလို စိတ်ပြောင်းသွားသူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။

Public Service Announcement
သူဟာ ၂၀၁၅ ခုနှစ်မှာထရမ့်ကနိုင်ငံရေးလောကရဲ့ ပြင်ပကနေ ဝင်ရောက်လာတဲ့ သမ္မတလောင်းတစ်ဦးအဖြစ် ပေါ်ထွက်လာချိန်မှာ ထရမ့်ကိုစိတ်ဝင်စားပြီး ထောက်ခံခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေထဲက တစ်ယောက် ဖြစ်ပြီး အဲဒီအချိန်ကစပြီး နောက်ပိုင်းကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲတိုင်းမှာလည်း ထရမ့်ကိုဘဲ မဲပေးထောက်ခံခဲ့ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ သူဟာ ထရမ့်အပေါ် အရင်ကလို သဘောထားမျိုး မရှိတော့တဲ့ မဲဆန္ဒရှင်တစ်ယောက် ဖြစ်နေပါပြီ။
ဒီဆောင်းပါးရဲ့ အဓိကဆိုလိုရင်းကတော့ အရင်က ထရမ့်ကို အားပေးထောက်ခံခဲ့ကြတဲ့ မဲဆန္ဒရှင်တချို့ဟာ အခုအခါမှာ သူ့ရဲ့ သမ္မတသက်တမ်းအတွင်း လုပ်ဆောင်ချက်တွေကြောင့် စိတ်ပျက်လာကြပြီး သူတို့ရဲ့ နိုင်ငံရေးသဘောထားတွေကို ပြောင်းလဲလာကြတယ်ဆိုတာ ဖြစ်ပါတယ်။ဒီလိုပြောင်းလဲသွားတဲ့ မဲဆန္ဒရှင်တွေဟာ အရေအတွက်အားဖြင့် မများလှပေမယ့်ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲပေးနိုင်တဲ့ အရေးပါတဲ့ အုပ်စုတစ်ခု ဖြစ်နေပါတယ်။
ဒီနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီအတွက် အဓိကစိန်ခေါ်မှုတစ်ခုက အရင်က သူတို့ကို မဲပေးခဲ့တဲ့သူတွေကို ဆက်လက်ထောက်ခံနေအောင် ထိန်းထားနိုင်ဖို့ ဖြစ်ပါတယ်။အရင်က ထရမ့်ကို ယုံကြည်ခဲ့ကြတဲ့သူတွေက အခုအခါမှာ သူ့ကို ဆက်ပြီး မဲပေးကြမလား၊ ဒါမှမဟုတ် ဒီမိုကရက်တစ်ပါတီဘက်ကို မဲပြောင်းပေးကြမလားဆိုတာဟာ ရီပတ်ဘလစ်ကန်ပါတီအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။
အထူးသဖြင့် အနိုင်အရှုံးက မဲအနည်းငယ်နဲ့သာ ဆုံးဖြတ်ရနိုင်တဲ့ မဲဆန္ဒနယ်တွေမှာ အရင်က ထရမ့်ကို ထောက်ခံခဲ့သူ အနည်းငယ်က မဲပြောင်းပေးလိုက်တာနဲ့တင် ရွေးကောက်ပွဲရလဒ်ဟာ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် အရင်က ထရမ့်ကို မဲပေးခဲ့ဖူးပေမယ့် အခုတော့ သူ့အပေါ် စိတ်ပျက်သွားကြတဲ့သူတွေဟာဒီနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ အထူးအရေးပါလာကြတာ ဖြစ်ပါတယ်။
ဒီလိုကြားဖြတ်ရွေးကောက်ပွဲ ဆောင်းပါးတွေနဲ့ ပတ်သက်ပြီး စာဖတ်သူတွေ ရေးသားထားတဲ့ မှတ်ချက်တွေကို အကျဉ်းချုပ်ကြည့်ရင်လည်း စာဖတ်သူအများအပြားဟာ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ သမ္မတအဖြစ် ဆောင်ရွက်မှုတွေအပေါ် ပြင်းပြင်းထန်ထန် မနှစ်သက်ကြတာကို တွေ့ရပါတယ်။ တချို့ကတော့ ထရမ့်ရဲ့ အငြင်းပွားဖွယ် လုပ်ရပ်တွေနဲ့ မူဝါဒတွေ ရှိနေပေမယ့်သူ့ကိုဆက်လက်ထောက်ခံနေကြသူတွေကိုနားမလည်နိုင်ကြောင်းဝေဖန်ရေးသားထားကြပါတယ်။ ထရမ့်ရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ နောက်ခံအခြေအနေတွေနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း တချို့က ဝေဖန်ထားကြပါတယ်။
NPR သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်အရ ဂျော်ဂျီယာပြည်နယ်က၂၀၂၀ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ကို မဲပေးခဲ့ပြီး ၂၀၂၄ မှာ ထရမ့်ကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင် ၁၂ ဦးနဲ့ အွန်လိုင်းဆွေးနွေးပွဲနှစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲက ၁၁ ဦးက ထရမ့်ရဲ့ အုပ်ချုပ်မှုအပေါ် စိတ်ပျက်ကြောင်း ပြောခဲ့ပြီး ၁၀ ဦးကတော့ သူ့ကို မဲပေးခဲ့တဲ့အပေါ် နောင်တရကြောင်းပြောခဲ့ကြပါတယ်။သူတို့ရဲ့စိုးရိမ်မှုတွေထဲမှာ ကုန်ဈေးနှုန်း၊ ငွေကြေးဖောင်းပွမှု၊ အီရန်နဲ့စစ်ရေးပဋိပက္ခနဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။
နောက်တစ်ခုကတော့ University of Massachusetts Amherst ရဲ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ စစ်တမ်းပါ။ အဲဒီစစ်တမ်းအရ ၂၀၂၄ ခုနှစ်မှာ ထရမ့်ကို မဲပေးခဲ့သူတွေရဲ့ ၂၁ ရာခိုင်နှုန်းက ထရမ့်ကို မဲပေးခဲ့တဲ့အချိန်က သူ့အပေါ်ထားရှိခဲ့တဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေကို ပြန်လည်စဉ်းစားလာကြပြီး၊ သူ့ကို မဲပေးခဲ့တာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ဟုတ်ရဲ့လားဆိုတာ သံသယဝင်လာကြောင်း ဖြေဆိုခဲ့ကြပါတယ်။ ဒီကိန်းဂဏန်းတွေက သူ့ရဲ့ မူဝါဒနဲ့ လုပ်ရပ်တွေကြောင့် မဲပေးခဲ့သူတချို့ရဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေ ပြောင်းလဲလာ နေပြီဖြစ်ကြောင်း ပြသနေပါတယ်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ The Washington Post က ရေးသားထားတဲ့ “ထရမ့်၏ ထောက်ခံမှုနှုန်း စံချိန်တင် ကျဆင်းလာပြီး ဒီမိုကရက်တစ်ပါတီအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် အသာစီးရနိုင်သည့် အခြေအနေဖြစ်လာ” သတင်းကို ထုတ်ဝေခဲ့ပါတယ်။
အဆိုပါသတင်းမှာ The Washington Post၊ ABC News နှင့် Ipsos တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ထရမ့် ရဲ့သမ္မတအဖြစ် လုပ်ဆောင်မှုကို ထောက်ခံသူ ၃၃ ရာခိုင်နှုန်းသာ ရှိပြီး မထောက်ခံသူ ၆၆ ရာခိုင်နှုန်းအထိ ရှိလာကြောင်း ဖော်ပြထားပါပြီး အမေရိကန်ကွန်ဂရက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ ဟာ ရီပတ်ဘလစ်ကန်ပါတီထက် ၈ ရာခိုင်နှုန်း အသာရနေကြောင်းလည်း ဖော်ပြထားပါတယ်။
ထို့အပြင် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဝါရှင်တန်ပို့စ် The Washington Post ကဘဲ “ရီပတ်ဘလစ်ကန်ပါတီက မိမိတို့အသာစီးရစေရန် မဲဆန္ဒနယ်များ ပြန်လည်ရေးဆွဲ ထားသော်လည်း တက္ကဆက်ပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် အနိုင်ရရန် ခက်ခဲလာနိုင်ကြောင်း စစ်တမ်းက ဖော်ပြ” ဆိုသည့် သတင်းကို ထုတ်ဝေခဲ့ပါတယ်။ အဆိုပါသတင်းတွင် ရီပတ်ဘလစ်ကန်ပါတီက မိမိတို့အနိုင်ရနိုင်ခြေ ပိုများလာစေရန် မဲဆန္ဒနယ်နယ်နိမိတ်များ ပြန်လည်ရေးဆွဲထားသည့် တက္ကဆက်ပြည်နယ်ရှိ မဲဆန္ဒနယ်နှစ်ခု၌ပင် အနိုင်ရရန်မသေချာတော့ဘဲပြိုင်ဆိုင်မှု ပြင်းထန်လာကြောင်း ဖော်ပြထားပါတယ်။
The Washington Post နှင့် Schar School တို့ ပူးပေါင်းပြုလုပ်ခဲ့သော စစ်တမ်းအရ မဲဆန္ဒနယ် ၃၅ တွင် ပြိုင်ဆိုင်မှုလဒ် အလွန်နီးကပ်နိုင်ပြီး မဲဆန္ဒနယ် ၃၄ တွင် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်က ၅၀ ရာခိုင်နှုန်း၊ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်က ၄၃ ရာခိုင်နှုန်း ရရှိထားကြောင်း ဖော်ပြထားပါတယ်။
အနှစ်ချုပ်ပြောရရင် အရင်က ထရမ့်ကို ယုံကြည်ပြီး မဲပေးခဲ့ကြတဲ့ အမေရိကန်မဲဆန္ဒရှင် တချို့ဟာ အခုအခါမှာ သူ့အပေါ် စိတ်ပျက်လာကြပြီး သူတို့ရဲ့ မဲပေးမယ့် ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားလာကြပြီ ဖြစ်ပါတယ်။ ဒီလို မဲဆန္ဒရှင်တွေဟာ အရေအတွက်အားဖြင့် အနည်းစုသာ ဖြစ်ပေမယ့်ဒီနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ပါတီက အနိုင်ရမလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်တဲ့ အရေးပါတဲ့ အုပ်စုတစ်ခု ဖြစ်လာနေပါတယ်။
မဲပေးခဲ့ကြတယ်ဆိုတာ ယုံကြည်ခဲ့လို့ပါ။
ဒါပေမဲ့ ယုံကြည်ခဲ့ဖူးတာကြောင့် အာဏာရရှိသွားခြင်းဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကို အကန့်အသတ်မရှိ ပိုင်ဆိုင်သွားပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ ခေါင်းဆောင်တစ်ယောက်ရဲ့ လက်ထဲကိုထည့်ပေးထားတဲ့အာဏာဟာ အမှန်တော့ ပြည်သူတွေလက်ထဲမှာပဲ ရှိသလို၊ သူ့ရဲ့လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ပြီး ယုံကြည်မှုကို ရုပ်သိမ်းပိုင်ခွင့်ကလည်း ပြည်သူတွေဆီမှာပဲ ရှိပါတယ်။ ။
ကိုးကား – The Washington Post, NPR, University of Massachusetts Amherst.




















































