Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ကျွန်တော်တို့ တပ်မှူးချုပ်လည်း ပြောထားတဲ့အတိုင်း ရခိုင်ပြည်မှာ ကျန်နေသေးတဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်တွေကို ရခိုင်ပြည်ထဲက ရှင်းထုတ်ဖို့ လုပ်ငန်းတာဝန်ကိုတော့ ဆက်ပြီးတော့ အကောင်းဆုံး လုပ်နေတာရှိပါတယ်”

AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနဲ့ မေးမြန်းခန်း

ရခိုင်ပြည်နယ် အတွင်းက စစ်တပ် ထိန်းချုပ်ထားတဲ့ နောက်ဆုံး သုံးမြို့နယ်ထဲက စစ်တွေမြို့နယ်က တိုက်ပွဲတွေ အခြေအနေ၊ စစ်တပ်က စစ်တွေမြို့ကို ဗုံးကြဲခဲ့တဲ့ အခြေအနေ၊ ငပြီကျွန်း တိုက်ပွဲနဲ့ AA ရဲ့ စစ်ရေး ရည်မှန်းချက်တွေနဲ့ ပက်သက်လို့ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို လူထုနွေဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

ခိုင်မြတ် / People’s Spring

မေး — စစ်တွေမှာ တိုက်ပွဲတွေ ပြင်းနေတယ်။ အဲဒီလို အခြေအနေမှာ စစ်တပ်က စစ်တွေမြို့ထဲကို ဗုံးကြဲတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း လက်နက်ကြီးနဲ့ မြို့ထဲ ဈေးကို ပစ်လို့ အရပ်သားတွေ အများအပြား သေဆုံး၊ ဒဏ်ရာရခဲ့ဖူးတယ်။ အခုတစ်ကြိမ်လည်း လေယာဉ်နဲ့ ဗုံးချတယ်။ ဒီအပေါ် ဘာပြောချင်ပါလဲဗျ။

ဖြေ — ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၇ နာရီ ၅၀ လောက်မှာ အကြမ်းဖက် မြန်မာစစ်တပ်က စစ်တွေမြို့ထဲကို Y-12 လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီ ဗုံးကြဲချခဲ့တဲ့ ဖြစ်စဉ်မှာ ပြည်သူ ၇ ဦးထက်မနည်း သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရတာ ရှိတယ်။ အဲဒီလို ဘာဖြစ်လို့ မြို့ထဲကို အကြမ်းဖက် စစ်ကောင်စီက ဗုံးကြဲချလဲဆိုရင် အဲဒီ မတိုင်ခင် အောက်တိုဘာ ၂၂ ရက်နေ့မှာ ဒကစထဲကို ကျွန်တော်တို့ဘက်က ပစ်ခတ်မှုကြောင့် သူတို့ စစ်ကောင်စီဘက်က ဗိုလ်မှူးကြီး အဆင့် အရာရှိကြီးတွေ အပါအဝင် အရာရှိ ၆ ယောက်ထက်မနည်း ကျဆုံးသွားတာ ရှိတယ်။ နောက်ပြီးတော့ တခြား အဆင့် စစ်သည်တွေလည်း အများအပြား ကျဆုံးတာတွေ ရှိတယ်။ ဒါကြောင့် သူတို့က အဲဒါကို လက်စားချေတဲ့ အနေနဲ့ ပြောမယ်ဆိုရင် အငြိုးအတေးနဲ့ ရခိုင် သေရင်ပြီးပြီဆိုပြီးတော့ စစ်တွေမြို့ထဲ လူနေရပ်ကွက်တွေကို သွားပြီးတော့ ဗုံးကြဲတာ။

Public Service Announcement

Public Service Announcement

ပြောမယ်ဆိုရင်တော့ ဒီဟာက စစ်ဘက်နဲ့ မဆိုင်တဲ့ အရပ်သား ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲ တိုက်ခိုက်၊ သတ်ဖြတ်တယ်ဆိုတာကတော့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာ ဖြစ်တယ်။ ဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေအတွက် သူတို့ အကြမ်းဖက် မြန်မာစစ်တပ်က တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာ ဖြစ်တယ်။ မတရား သတ်ဖြတ်ခံရတဲ့ ကျွန်တော်တို့ရဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် တရားမျှတမှု ရရှိအောင် ကျွန်တော်တို့ ULA/AA အနေနဲ့ အကောင်းဆုံး လက်တုံ့ပြန် တိုက်ခိုက်သွားမှာ ဖြစ်တယ်။

မေး — လက်ရှိ ငပြီကျွန်း တိုက်ပွဲ အခြေအနေတွေကိုလည်း ပြောလို့ ရသလောက် ပြောပြပေးပါလား။

ဖြေ — ငပြီကျွန်း ကမ်းတက်ဖို့ ကြိုးစားတဲ့ တိုက်ပွဲတွေမှာတော့ သူတို့ဘက်က အထိအခိုက်၊ အကျအဆုံးတွေ အင်မတန် များပါတယ်။ ပထမ အစပိုင်းမှာတောင်မှ ပထမဦးဆုံး ကမ်းတက်ဖို့ ကြိုးစားတဲ့နေ့မှာတောင်မှ သူတို့ ၅၀ လောက် ကျဆုံးသွားတာ ရှိတယ်။ အဲဒီနောက်ပိုင်းမှာလည်းပဲ သူတို့ တချို့တွေ ကမ်းပေါ် ရောက်လာတဲ့သူတွေလည်းပဲ ထိခိုက်၊ သေဆုံးတာ၊ ဖမ်းဆီးခံရတာတွေ အင်မတန် ရှိပါတယ်။ နောက်ပိုင်းလည်းပဲ သူတို့ဘက်က ဆက်တိုက် ကမ်းတက်ဖို့ ကြိုးစားတဲ့ ဖြစ်စဉ်တွေမှာလည်းပဲ အထိအခိုက်၊ အကျအဆုံးတွေ အင်မတန် များပါတယ်။

မေး — စစ်တွေမြို့နယ် အတွင်းမှာရော ဘယ်ဘက်တွေမှာ တိုက်ပွဲ ဖြစ်နေပါလဲ၊ တိုက်ပွဲ အခြေအနေတွေ ဘယ်လို ရှိပါလဲခင်ဗျ။

ဖြေ — တိုက်ပွဲကတော့ ပြောမယ်ဆိုရင် စစ်တွေမြို့နဲ့ ဆက်စပ်တဲ့ ပတ်ဝန်းကျင် တစ်ခုလုံးလို့ ပြောလို့ ရတယ်။ စစ်တွေ တဝိုက်မှာ ရွှေမင်းဂံချောင်းဝကနေပြီး ဟိုးဘက် မယူမြစ်ကို တစ်ထွက် (မယူမြစ်ဝထိ)၊ အဲဒီဘက်တွေမှာ တိုက်ပွဲတွေဟာ တောက်လျှောက် ဖြစ်နေတယ်။ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဘက်ကတော့ သူတို့ဘက် အထိအခိုက် အကျအဆုံးတွေ များပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်၊ ဒဏ်ရာရတဲ့လူတွေ၊ ကျဆုံးတဲ့လူတွေ ရှိပါတယ်။ ဒီဟာကတော့ စစ်ပွဲ ပြင်းထန်တာနဲ့အမျှ နှစ်ဖက် ထိခိုက်၊ ကျဆုံးမှုကတော့ ရှိပါတယ်။ သို့သော်လည်း အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက် ကျဆုံးမှုကတော့ ပိုပြီး များပါတယ်။

မေး — ရခိုင်က လက်ကျန် စစ်တွေ၊ ကျောက်ဖြူ တိုက်ပွဲတွေနဲ့ ပက်သက်လို့ ပြည်သူတွေကို ဘယ်လို သတင်းစကားတွေ ပါးချင်ပါလဲ။

ဖြေ — ကျွန်တော်တို့ကတော့ အရင်က ကျွန်တော်တို့ တပ်မှူးချုပ်လည်း ပြောထားတဲ့အတိုင်း ရခိုင်ပြည်မှာ ကျန်နေသေးတဲ့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်တွေကို ရခိုင်ပြည်ထဲက ရှင်းထုတ်ဖို့ လုပ်ငန်း တာဝန်ကိုတော့ ဆက်ပြီးတော့ အကောင်းဆုံး လုပ်နေတာ ရှိပါတယ်။

မေး — တခြား ဖြည့်စွက် ပြောချင်တာတွေ ရှိရင် ပြောပေးပါလား။

ဖြေ — ပြည်သူတွေကို ပြောချင်တာကတော့ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဘက်က အပြစ်မဲ့ ပြည်သူတွေ နေတဲ့ နေရာတွေကို လေကြောင်းကနေပြီးတော့ ဦးတည် တိုက်ခိုက်မှုတွေ၊ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ များလာဖို့ ဖြစ်တဲ့အတွက်ကြောင့် လေကြောင်း အန္တရာယ်ကို အထူး သတိထားကြဖို့အတွက်တော့ ကျွန်တော်တို့ သတိပေးချင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၂၂) ကနေ ပေါက်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့တော် လှန်ရေးရဲဘော်တချို့က ပြောပါတယ်။

သတင်း

အိန္ဒိယ-မြန်မာနယ်စပ်ကနေဝင်လာပြီး မြန်မာရွာဘက်ကို စစ်ကြောင်းထိုးမီးရှို့လို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်တပ်၊ ရှမ်းနီ၊ ကသည်းနဲ့နာဂပူးပေါင်းတပ်ဘက်က အရာရှိနှစ်ဦးအပါအဝင်ရှစ်ဦးသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျည်ဆန်များကျရောက်မှုအပေါ် မဲ့ကုကင်းဒေသရှိ ထိုင်းပြည်သူ​တွေက ဒီက​နေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ နောင်ချိုမြို့လယ်က ဗလီ အဆောက်အအုံကို နိုင်ငံပိုင်အဖြစ် ချိပ်ပိတ် သိမ်းယူဖို့ အာဏာသိမ်း စစ်တပ် ထိန်းချုပ်ထားရာ တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့အပေါ် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ညီညွတ်ရေးအဖွဲ့ (CSW)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

Facebook