Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေး ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေ အမည်ရေးထိုးထားတဲ့ ပုဝါအကြောင်း ကုလအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောပြရင်း ဝမ်းနည်း မျက်ရည်ကျ

မြန်မာပြည်သူတွေ အသက် ထပ်မဆုံးရှုံးရအောင် ကူညီကြဖို့ နိုင်ငံတကာကို တောင်းဆို

Screenshot

အောက်တိုဘာ ၂၇၊ ၂၀၂၆။ နေ့သစ် / People’s Spring

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေနဲ့ ပြည်သူတွေရဲ့ နာမည်တွေ ရေးထိုးထားတဲ့ တော်လှန်ရေး ထုတ်ကုန်တစ်ခု ဖြစ်တဲ့ ပုဝါ (scarf) အကြောင်းကို ကုလသမဂ္ဂ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပြရင်း ဝမ်းနည်း မျက်ရည်ကျခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက် ထပ် မဆုံးရှုံးရအောင် အကူအညီ ပေးကြဖို့ နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပုဝါကို ဒီကနေ့ (အောက်တိုဘာ ၂၇) မှာ လုပ်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ တတိယ ကော်မတီရဲ့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေး ခန်းမထဲကို ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ ဦးကျော်မိုးထွန်းက သူ့ရဲ့ ဆွေးနွေးမှု အဆုံးသတ်မှာ လေးနက်တဲ့ အကြောင်းအရာ တစ်ခုမျှ ဝေခွင့်ပြုပါဆိုပြီး Theatre 21 ရဲ့ ထုတ်ကုန် ပုဝါကို ပြသကာ ပုဝါအကြောင်း ပြောတာ ဖြစ်ပါတယ်။

အဲဒီပုဝါဟာ ဖက်ရှင် အသုံးအဆောင် သက်သက် မဟုတ်ဘဲ ပုဝါပေါ်မှာ ကြွေလွင့်သူရဲကောင်းတွေ၊ အပြစ်မဲ့ ပြည်သူတွေရဲ့ နာမည်တွေကို ရေးထိုးထားကြောင်း ပြောပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ဒီရဲရင့်တဲ့ ပြည်သူတွေ၊ အပြစ်မဲ့ ပြည်သူတွေဟာ လွတ်လပ်ခွင့်အတွက် သူတို့ရဲ့ ဘဝတွေကို စွန့်လွှတ်ခဲ့ပါတယ်။ ကျွန်တော် သူတို့ နာမည်တွေကို ဖတ်လိုက်ချိန်မှာ ကျွန်တော့် နှလုံးသား ကွဲကြေရပါတယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဆက်လက်ပြီး “ဒီပုဝါကို အနီးကပ် ကြည့်ကြည့်ရင် ကျဆုံးသွားသူတွေရဲ့ နာမည်တွေနဲ့ အသက်တွေကို ဖော်ပြထားပါတယ်။ အငယ်ဆုံးက နှစ်လသား အရွယ်ပါ။ အကြီးဆုံးက ၁၀၅ နှစ်ပါ” လို့ သံအမတ်ကြီးက ပြောရင်း အသံ တိမ်ဝင်သွားကာ မျက်ရည်ကျခဲ့ပါတယ်။

အစောပိုင်း မိနစ်တွေမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပုံမှန် မိန့်ခွန်း ပြောကြားနာကျအတိုင်း ပြောခဲ့ပေမယ့် အပြစ်မဲ့ အရပ်သား ပြည်သူတွေ အသက် ဆုံးရှုံးနေရတဲ့ အကြောင်း ပြောချိန်မှာတော့ ဝမ်းနည်း မျက်ရည်ကျခဲ့တဲ့အပြင် မိန့်ခွန်း စာရွက် ကိုင်ထားတဲ့ လက်တွေလည်း တုန်ခါနေတာ တွေ့ရပါတယ်။ စကားလုံးတစ်လုံး ထွက်ကျလာဖို့ သံအမတ်ကြီး အားယူ ကြိုးစား ပြောကြားတာကိုလည်း တွေ့ရပါတယ်။

“ဒီနေ့ ဒီနေရာကနေ ရိုးစင်းပြီး အင်မတန် အရေးကြီးတဲ့ တောင်းဆိုမှုတစ်ခု ပြုချင်ပါတယ်။ ကျွန်တော် ဒီပုဝါပေါ်မှာ နောက်ထပ် နာမည်တွေ ထပ်တိုးလာတာမျိုး မဖြစ်စေချင်တော့ပါဘူး။ ကျွန်တော်တို့ နောက်ထပ် သူရဲကောင်းတွေ ဒါမှမဟုတ် အပြစ်မဲ့ ပြည်သူတွေ ဘယ်လိုမှ ဆုံးရှုံးမခံနိုင်တော့ပါဘူး” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ကလေးတွေ၊ ကျွန်တော်တို့ရဲ့ လူငယ်တွေ၊ ကျွန်တော်တို့ရဲ့ ညီအကိုတွေ မောင်နှမတွေ၊ ကျွန်တော်တို့ရဲ့ သက်ကြီးရွယ်အိုတွေ၊ မြန်မာပြည်သူတွေဟာ အံအားသင့်လောက်အောင် ခံနိုင်ရည်ရှိရှိနဲ့ သူတို့ လုပ်နိုင်တာတွေ အကုန် လုပ်ပြီးပါပြီ” လို့ ပြောပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေရဲ့ အသက်တွေ ထပ်ပြီး မဆုံးရှုံးစေဖို့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက လုပ်ဆောင်ပေးကြဖို့ မြန်မာ သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ကို လေယာဉ်ဆီ ဖြတ်တောက်ဖို့နဲ့ စစ်တပ်ဆီ စစ်လက်နက်တွေနဲ့ ငွေကြေး စီးဆင်းမှု မရှိစေဖို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကို ထပ်မံ တောင်းဆိုခဲ့ပါတယ်။

ဦးကျော်မိုးထွန်း ပြောကြားနေချိန်မှာ မြန်မာ ကုလ ကိုယ်စားရုံးမှ မဂျွန်ဆုလည်း ဝမ်းနည်းပြီး မျက်ရည်ကျလို့ ပုဝါနဲ့ မျက်ရည် သုတ်နေတာ တွေ့ရပါတယ်။ မဂျွန်ဆုဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ မြန်မာသံရုံးကနေ CDM လုပ်ပြီး တော်လှန်ရေးဖက်ကို ကူးပြောင်း ခိုလှုံခဲ့ပြီး ဦးကျော်မိုးထွန်းကို ကူညီပေးနေသူ တစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် တော်လှန်ရေး အင်အားစုတွေ စုစည်းထားတဲ့၊ NUG နဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေ စုစည်းထားတဲ့ SCEF က ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ပေါ်ပေါက်ရေး ကြိုးပမ်းနေကြပါတယ်။ သူတို့ဟာ ခင်ဗျားတို့ရဲ့ အကူအညီကို လိုအပ်နေပါလို့လည်း SCEF အကြောင်းကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီပုဝါဟာ အဆိုတော် လင်းလင်းရဲ့ ပြဇာတ်-၂၁ (Theatre 21) ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ ပုဝါ (Scarf) ပေါ်မှာ ၂၀၂၁ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုနဲ့ သူ့ရဲ့ လက်ပါးစေတွေကြောင့် အသက် ဆုံးရှုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၈,၀၉၅ ဦးရဲ့ အမည်နဲ့ အသက်တွေကို ဖော်ပြထားတာပါ။ စစ်အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်အထိ အသက် ဆုံးရှုံးခဲ့ရသူ အရေအတွက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းများအရ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

အထက်ပါ ကုလသမဂ္ဂ အစည်းအဝေးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အထူး အစီရင်ခံစာ တင်သွင်းသူတို့လည်း တက်ရောက် မိန့်ခွန်း ပြောခဲ့ပြီး မြန်မာ့အရေးကို အစီရင်ခံခဲ့ပါတယ်။

အထူး ကိုယ်စားလှယ်တွေရဲ့ အစီရင်ခံစာတွေဟာ မြေပြင်မှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ထင်ဟပ် ဖော်ပြနေသလို အလွန် စိတ်နှလုံး ထိခိုက်ဖွယ်ကောင်းတဲ့ အဖြစ်မှန်တွေကို ရှင်းလင်းစွာ ဖော်ထုတ် ပြသနေတယ်လို့ သံအမတ်ကြီးက မှတ်ချက်ပြုခဲ့ပါတယ်။ ဒါပေမဲ့ မြေပြင် လက်တွေ့ အခြေအနေဟာ ဘယ်အစီရင်ခံစာက ပြသနိုင်တာထက်မဆို များစွာ ပိုမို ဆိုးရွားနေကြောင်းလည်း သံအမတ်ကြီးက ပြောခဲ့ပါတယ်။

“အလွန် ရှင်းလင်းတဲ့ အချက်တစ်ချက်ကတော့ စစ်အုပ်စုဟာ အာဏာရှင် ဖြစ်ပြီး သူတို့ ခံစားရရှိနေတဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့်ဟာ မြန်မာနိုင်ငံက ဒုက္ခဆင်းရဲ အားလုံးရဲ့ မူလ ဇာစ်မြစ် အရင်းခံ အကြောင်းတရား ဖြစ်ပါတယ်” လို့ သံအမတ်ကြီး ပြောပါတယ်။

မြန်မာပြည်သူတွေဟာ မကြုံစဖူး ခွဲခြားမှုမရှိတဲ့ လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်မှုများနဲ့ စနစ်တကျ ကျေးရွာများကို မီးရှို့ ဖျက်ဆီးမှုများကို မျက်မြင် တွေ့ကြုံနေရပြီး ပြည်သူလူထုအတွင်း အကြောက်တရား ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့စေဖို့အတွက် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ စစ်ဘေးရှောင် စခန်းတွေကိုလည်း စစ်တပ်က အဓိက ပစ်မှတ်တွေအဖြစ် ထားရှိ တိုက်ခိုက်နေတယ်လို့ သံအမတ်ကြီးက ကုလ အစည်းအဝေးမှာ အစီရင်ခံခဲ့ပါတယ်။

သံအမတ်ကြီးက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်က မေရီလန်းမှာ ပြုလုပ်တဲ့ Theatre 21 ပွဲမှာလည်း ဒီပုဝါကို ကိုင်ပြီး ပုဝါပေါ်မှာ နာမည် အသစ်တွေ ထပ် မတိုးစေချင်တော့ဘူးလို့ ဝမ်းနည်း ဆို့နင့်စွာနဲ့ ပြောခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ ကုလသမဂ္ဂ မျက်နှာစုံညီ အစည်းအဝေးမှာ သံတမန်တွေ ရှေ့မှောက်မှာ ကမ္ဘာသိ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံ — UN Web TV

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီးသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံတဲ့လှုပ်ရှားမှုကို ဒီကနေ့ (အောက်တို့ဘာ ၂၂) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီးသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံဆန္ဒပြပွဲကို ဒီကနေ့ (အောက်တို့ဘာ ၂၁) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံတဲ့ လူထုလှုပ်ရှားမှုကို ဒီကနေ့ (အောက်တိုဘာ ၂၀) ပြုလုပ်ခဲ့ပါတယ်။

Facebook