— ကိုသုညံ ရေးသားသည်။
အမေရိကန်နိုင်ငံတွင် လာမည့် နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဒီမိုကရက်တစ်ပါတီအနေဖြင့် အောက်လွှတ်တော် သို့မဟုတ် အထက်လွှတ်တော် တစ်ခုခုကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါက သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလီကန်များ၏ ဝါရှင်တန်အပေါ် တစ်ဖက်သတ် လွှမ်းမိုးထားမှုကို အတော်လေး ဟန့်တားနိုင်မည် ဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
အထူးသဖြင့် အစိုးရ၏ အသုံးစရိတ်များနှင့် မူဝါဒ ချမှတ်မှုများကို ဝင်ရောက် စွက်ဖက် ညှိနှိုင်းခွင့် ရရှိလာနိုင်သလို ထရမ့်၏ အစိုးရအဖွဲ့နှင့် အဓိက ပုဂ္ဂိုလ်များကို စုံစမ်း စစ်ဆေး မေးမြန်းခွင့်ဆိုသည့် အစွမ်းထက်သော လက်နက်များလည်း လက်ဝယ် ရောက်ရှိလာမည် ဖြစ်သည်။
သို့သော် သမ္မတထရမ့်တွင် အရာအားလုံးကို ဗီတိုအာဏာဖြင့် ပယ်ချပစ်နိုင်စွမ်း ရှိနေသောကြောင့် ဒီမိုကရက်များဘက်ကလည်း ၎င်းတို့၏ အစီအမံများကို ဥပဒေ ဖြစ်လာစေရန် နှစ်စဉ် ဘတ်ဂျက် ဥပဒေများကဲ့သို့ မဖြစ်မနေ အတည်ပြုရမည့် နေရာများမှတစ်ဆင့် အလျှော့အတင်း ပြုလုပ်ရပါလိမ့်မည်။

Public Service Announcement
လွှတ်တော်အတွင်း နှစ်ဘက် သဘောတူညီမှု ရရှိရေးအတွက် စည်းလုံးညီညွတ်မှု လိုအပ်မည် ဖြစ်သည်။ ဒီမိုကရက်တွေ ကွန်ဂရက်ကို ပြန်ထိန်းချုပ်လာနိုင်ရင် အောက်ပါ အချက်များကို လုပ်ဆောင်လာနိုင်ဖွယ် ရှိသည်ဟု CNN က ဖော်ပြထားသည်။
၁။ လူနေမှုစရိတ်နှင့် ငွေကြေးဖောင်းပွမှု
အမေရိကန်ပြည်သူများ ရင်ဆိုင်နေရသော ကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုကို ဖြေရှင်းရန် ဒီမိုကရက်များက အိမ်ရာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စွမ်းအင်နှင့် ကုန်စုံဆိုင် ကုန်ပစ္စည်း ဈေးနှုန်းများ ကျဆင်းစေရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်ရန် ကြိုးပမ်းနေကြသည်။ သို့သော် စွမ်းအင်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်ပွဲများ ရပ်တန့်ရေးနှင့် ထရမ့် ချမှတ်ထားသော အခွန်များ ရုပ်သိမ်းရေးတို့မှာ သမ္မတထရမ့်ထံမှ သဘောတူညီချက် ရရှိရန် မလွယ်ကူလှပေ။
၂။ ဘဏ္ဍာငွေ ထိန်းချုပ်မှု
အခွန်ထမ်းများ၏ ငွေကြေး သုံးစွဲမှုအပေါ် အခြေခံ၍ ရန်ပုံငွေ ပိတ်ဆို့မည့် ခြိမ်းခြောက်မှုများဖြင့် ထရမ့်ကို ဖိအားပေးရန် ဒီမိုကရက်များ ကြိုးပမ်းလာနိုင်သည်။
ဥပမာအနေဖြင့် ပြည်တွင်း လုံခြုံရေးဌာန၏ ရန်ပုံငွေ ကိစ္စများ၊ အကြွေး ကန့်သတ်ချက် (Debt Limit) တိုးမြှင့်မည့် ကိစ္စများတွင် နှစ်ဖက် ထိပ်တိုက် တွေ့ဆုံမှုများ အများကြီး ပေါ်ပေါက်လာနိုင်သည်။ အမျိုးသား ကြွေးမြီများ အလွန်အမင်း မြင့်တက်နေချိန်တွင် ထရမ့်၏ ကြီးမားသော အခွန်လျှော့ချရေးနှင့် စီမံကိန်း အချို့ကို ပြန်လည် ပြင်ဆင်ရန် ကြိုးပမ်းရာ၌ ကြီးမားသော အတားအဆီးများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
၃။ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ
အိုဘားမားကဲ (Obamacare) ၏ ပရီမီယံ ထောက်ပံ့ကြေးများ ဆက်လက် ရရှိရေးအတွက် ဒီမိုကရက်များက အပြင်းအထန် တိုက်ပွဲ ဝင်သွားမည် ဖြစ်သည်။ မကြာသေးမီက ထောက်ပံ့ကြေးများ သက်တမ်း ကုန်ဆုံးသွားသဖြင့် အာမခံကြေးများ အဆမတန် မြင့်တက်ခဲ့ရာ ပြည်သူ သန်းပေါင်းများစွာ ထိခိုက်ခဲ့ရသည်။
ထို့အပြင် ရီပတ်ဘလီကန်များ လုပ်ဆောင်ထားသော Medicaid ဖြတ်တောက်မှုများကို ပြန်လည် ပြင်ဆင်ရန်နှင့် ဆေးဝါး ဈေးနှုန်း ကြီးမြင့်မှုများကိုပါ ဆက်လက် စောင့်ကြည့် တိုက်ပွဲဝင်သွားရန် ရှိသည်။
၄။ အစိုးရအဖွဲ့အား စုံစမ်း စစ်ဆေးခြင်း
လွှတ်တော်ကို ထိန်းချုပ်ခွင့် ရရှိသည်နှင့်တစ်ပြိုင်နက် ဒီမိုကရက်များ အနေဖြင့် အစိုးရ အရာရှိများနှင့် ပတ်သက်၍ ကြားနာပွဲများ ခေါ်ယူခြင်း၊ သက်သေ ဆင့်ခေါ်ခြင်းများကို အပြည့်အဝ လုပ်ဆောင်လာနိုင်သည်။
အထူးသဖြင့် အီလွန်မတ်စ်၏ Department of Government Efficiency (DOGE) နှင့် ဆက်စပ်နေသော စာချုပ်များ၊ USAID နှင့် ပညာရေးဌာနကဲ့သို့ အေဂျင်စီများကို ပိတ်ပစ်ရန် ကြိုးပမ်းချက်များ၊ ထရမ့်၏ သားသမီးများနှင့် သမ္မတသက်တမ်းအတွင်း စီးပွားရေး လုပ်ဆောင်ချက်များကို အသေးစိတ် စစ်ဆေးသွားမည် ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် ရှေ့နေချုပ် အပါအဝင် ထိပ်တန်း အစိုးရအဖွဲ့ဝင်များလည်း လွှတ်တော်၏ စစ်ဆေးမှုကို အကြီးအကျယ် ရင်ဆိုင်ရဖွယ် ရှိသည်။
၅။ အီရန်စစ်ပွဲနှင့် နိုင်ငံခြားရေးမူဝါဒ
စစ်ပွဲကို အဆုံးသတ်ရန် နှစ်ဖက်စလုံးက အလိုရှိကြသော်လည်း ထရမ့်ကို အဆိုပါ စီမံကိန်းမှ ဆုတ်ခွာလာစေရန် ဖိအားပေးရန်မှာ မလွယ်ကူပေ။ စစ်ပွဲအာဏာ ဥပဒေနှင့် ပင်တဂွန် စစ်ဘတ်ဂျက် ရန်ပုံငွေများကို အသုံးချ၍ ထရမ့်၏ စစ်ရေး မူဝါဒများကို ထိန်းချုပ်ရန် ဒီမိုကရက်များ ကြိုးစားလာနိုင်သည်။
၆။ အစားအသောက် တံဆိပ်ခေါင်းနှင့် ပညာရေး
အစားအသောက် တံဆိပ်ခေါင်း (Food Stamps) နှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များတွင် ပြည်နယ်များအပေါ် သက်ရောက်လာမည့် ထောက်ပံ့ကြေး လျှော့ချမှုများကို ပြန်လည် ပြင်ဆင်ရန် ဆွေးနွေးကြလိမ့်မည်။
ကျန်းမာရေး ပညာရှင် ရှားပါးမှုကြောင့် သူနာပြုများနှင့် ဆရာဝန် လက်ထောက်များအတွက် ချေးငွေ ကန့်သတ်ချက် လျှော့ချပေးရေးမှာမူ နှစ်ပါတီစလုံး သဘောတူနိုင်စရာ ရှိသည်။
ဒီမိုကရက်နှင့် ရီပတ်ဘလီကန် နှစ်ဖက်စလုံးသည် ရေနဲ့ဆီလို လုံးဝ ပေါင်းစပ်၍ မရနိုင်သည်တော့ မဟုတ်ပေ။
လွန်ခဲ့သော ကာလများကလည်း ခေါင်းဆောင်များသည် အိမ်ရာကဏ္ဍ (Housing) နှင့် ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေး ပြုပြင် ပြောင်းလဲရေးကဲ့သို့ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ဖူးသည်။
အထူးသဖြင့် အိမ်ရာနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများကဲ့သို့ ပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးရှိမည့် နယ်ပယ်များတွင် ဒီမိုကရက်များနှင့် ထရမ့်တို့အကြား ပြန်လည် ညှိနှိုင်း လက်တွဲ လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းများ ရှိနေဦးမည် ဖြစ်သည်။
ကိုးကား — CNN သတင်းဌာန





















































