နိုဝင်ဘာ-၃၊၂၀၂၆။People’s Spring
မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ သံတမန်ရေးအရ ကြိုးပမ်းမယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အမေရိကန်ဟာ ဒေသတွင်း ဩဇာချဲ့ထွင်ဖို့နဲ့ မြေရှားသတ္တုတွေ ရယူနိုင်ဖို့ ရည်ရွယ်ထားကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လတ်တလော ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မဟာဗျူဟာ စာတမ်းတစ်စောင်ထဲမှာအဲဒီရည်မှန်းချက်တွေကိုရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ကြောင်း Ruetersက ဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီးတဲ့နောက်အတုအယောင်ရွေးကောက်ပွဲ တစ်ခုကနေတဆင့်နာမည်ခံအရပ်သား အစိုးရကို ဖွဲ့စည်းပြီး သမ္မတ ရာထူး ရယူထားသူ မင်းအောင်လှိုင်နဲ့ အမေရိကန် အစိုးရ အရာရှိတွေ တိတ်တဆိတ် ဆွေးနွေးခဲ့ကြောင်း Reutersက သတင်းဖော်ပြခဲ့ပြီး မကြာခင်မှာပဲ အခု မဟာဗျူဟာ စာတမ်း ထွက်ပေါ်လာတာပါ။ အာဏာသိမ်းမှု နောက်ဆက်တွဲ စစ်ရေး ပဋိပက္ခတွေကြောင့် လူပေါင်း ၁ သိန်းလောက် သေဆုံးခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးသူ အရေအတွက် ၃ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ (UN)က ခန့်မှန်းထားပါတယ်။

Public Service Announcement
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထိပ်တန်း ထောက်လှမ်းရေး အရာရှိ မိုက်ကယ်ဗန့်စ် ဦးဆောင်လာမယ့်ထိတွေ့ ဆွေးနွေးမှုတွေကတော့ အာဏာသိမ်း မြန်မာစစ်တပ်ကို ဖယ်ထုတ်ထားတဲ့ အမေရိကန်ရဲ့ ကနဦး မူဝါဒတွေကနေ သွေဖယ်လာတာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် ကူညီဖြေရှင်းဖို့ ရည်ရွယ်ရေးဆွဲထားတယ်ဆိုတဲ့ပေါင်းစည်းညှိနှိုင်းရေး နိုင်ငံတကာ မဟာဗျူဟာ စာတမ်းမှာတော့မြန်မာနိုင်ငံအခြေစိုက်လက်နက်ကိုင် အဖွဲ့အစည်းတွေ အများအပြားနဲ့ ညှိနှိုင်း ဆွေးနွေးရင်း အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံမှာ အမေရိကန် ကုမ္ပဏီတွေ ဘယ်လို ခြေကုပ်ယူနိုင်မလဲဆိုတဲ့ ဖြစ်နိုင်ခြေတွေကို အတော်လေးပွင့်ပွင့်လင်းလင်းဖော်ပြထားကြောင်း Rueters သတင်းက ဆိုပါတယ်။ ဒါဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုင်ဆွဲထားတဲ့ ‘အမေရိကန်ရဲ့ အကျိုးစီးပွားသာပဓာန’ဆိုတဲ့မူနဲ့လည်းကိုက်ညီနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကို စစ်ခင်းတိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေထဲမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက် ဆယ်စုနှစ်တွေ အများကြီး တော်လှန်နေခဲ့တဲ့ တိုင်းရင်းသား တပ်တွေ၊ ဒီမိုကရေစီအတွက် လက်နက်ကိုင် ရုန်းကန်နေကြတဲ့ တော်လှန်ရေး အင်အားစုတွေ ပါဝင်နေပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်ရေး အစုအဖွဲ့ဟာ ၂၀၃၀ ပြည့်နှစ်မှာ အဓွန့်ရှည်မယ့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိမယ့် လမ်းကြောင်းမျိုး ဖော်ဆောင်ပေးနိုင်မယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတစ်ခု ဖော်ဆောင်ပေးဖို့ ရည်ရွယ်ထားကြောင်းလည်း မဟာဗျူဟာ စာတမ်းမှာ ပါရှိခဲ့ပါတယ်။ အဲဒီ လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းအဖြစ်နယ်မြေခွဲဝေသတ်မှတ်ရေးဆိုင်ရာ တိုးတက်မှုများရရှိစေမယ့်ခိုင်မာတဲ့ သဘောတူညီချက်တွေ၊ အဆိုပြုချက်တွေ၊ မူဝါဒတွေ ထွက်ပေါ်လာစေမယ့် ဆွေးနွေးပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပေါ်လာအောင် ကူညီ ပံ့ပိုးပေးဖို့ ဆိုတာလည်း ပါဝင်နေပါတယ်။
ဒါပေမဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ အစီအစဉ် ရှိမရှိ၊ မြန်မာနိုင်ငံမှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဟန့်အတား ဖြစ်စေမယ့် တခြားစည်းမျဉ်းတွေကို ပြောင်းလဲပေးဖို့ အစီအစဉ် ရှိမရှိ ဆိုတာတွေကိုတော့ စာတမ်းထဲမှာ တိတိကျကျ ဖော်ပြမထားသေးပါဘူး။
မဟာဗျူဟာ စာတမ်းမှာတော့ မြန်မာ့နယ်စပ် ဒေသတွေမှာ အခြေစိုက်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွေကိုနှိမ်နင်းရေး၊ ဗီဇာသက်တမ်းလွန် နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်ကနေ နှင်ထုတ်တဲ့ကိစ္စမှာ အာဏာသိမ်း စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ရေး၊မြန်မာနိုင်ငံရဲ့မြေရှားသတ္တု အရင်းအမြစ်တွေကို အမေရိကန်က ထုတ်ယူနိုင်ရေး၊ တရုတ်ရဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရေး၊ အမေရိကန်ရဲ့ ပို့ကုန်နဲ့ စီးပွားရေး အခွင့်အလမ်းတွေ ချဲ့ထွင်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်း ပြဆိုထားပါတယ်။
အမေရိကန် သံရုံးအနေနဲ့ အမေရိကန် ကုမ္ပဏီတွေအတွက် တစ်ခုကို ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိတဲ့ အဓိက စီးပွားရေး သဘောတူညီမှု၊ဒါမှမဟုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူညီမှု အနည်းဆုံး၃ ခုရရှိလာအောင် ကြိုးပမ်းသွားရမယ်လို့လည်း ဆိုပါတယ်။
အဲဒီ ကြေညာချက်စာတမ်းဟာမြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အားပေးမယ့် အစီအမံတွေကို အမေရိကန် အကျိုးစီးပွား၊ ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ရေး ရည်မှန်းချက်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာကို တွေ့နိုင်ကြောင်းလည်းReutersရဲ့သတင်းမှာသုံးသပ် ရေးသားထားပါတယ်။
ဒါပေမယ့် မြေရှားသတ္ထုတွေကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ၊ပန်ဝါဒေသကို KIO/KIA ကထိန်းချုပ်ထားသလို ၊ရှမ်းပြည်နယ် မြောက်ပိုင်းကမြေရှားလုပ်ကွက်တွေကိုလည်း ကိုးကန့်တပ် MNDAA ၊ TNLA တို့ကထိန်းချုပ်ထားပါတယ်။ထွက်ရှိသမျှမြေရှားသတ္ထုတွေကို တရုတ်နိုင်ငံကဝယ်ယူနေတာဖြစ်ပါတယ် ။အဆိုပါဒေသတွေကို စစ်တပ်ကထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။
ကိုးကား- Reuters





















































