နိုဝင်ဘာ-၃၊ ၂၀၂၆။ People’s Spring
အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဥ်အပြီး မကြာမီအချိန်မှာ ကရင်နီပြည်နယ် ကျောင်းနေအရွယ်များ ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားပါတယ်။
နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးတဲ့အစည်းအဝေးကို နိုဝင်ဘာ ၂ရက် မနေ့က ကုလသမဂ္ဂအထွေထွေညီလာခံ (၃၃) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ကျင်းပခဲ့ရာ သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြမိန့်ခွန်းပြောကြားခဲ့တာပါ။
အာဏာသိမ်းစစ်အုပ်စုဟာ လူသားချင်းစာနာမှုခေါင်းစဉ်အောက်ကနေ နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက်တဲ့ တာဝန်ရှိသူတွေရဲ့ ခရီးစဉ်များကို နိုင်ငံရေးအရ အသုံးချကာ နိုင်ငံတကာအား လှည့်ဖြားလျက်ရှိတယ်လို့ သံအမတ်ကြီးက ကုလအစည်းအဝေးမှာ ပြောပါတယ်။

Public Service Announcement
အခြားတဖက်မှာတော့ စစ်အုပ်စုဟာ အပြစ်မဲ့အရပ်သားပြည်သူများအပေါ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတယ်လို့ သံအမတ်ကြီးက ဆက်လက်အစီရင်ခံပါတယ်။
စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ အဆုံးအစမဲ့ ဆိုးရွားပြီး အောက်တိုဘာ ၃၁ရက်က ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် အရှေ့ခြမ်းရှိ ကျောင်းနေအရွယ် ကလေးငယ်များ ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းပေါ် အင်အားပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ပစ်မှတ်ထားကျူးလွန်ခဲ့တယ်လို့ သံအမတ်ကြီးက တင်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အသက်(၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် (၁၂) နှစ်အရွယ် ကလေးငယ် ၂ဦးတို့ ဦးခေါင်းဒဏ်ရာပြင်းထန်မှုကြောင့် နေရာမှာပဲ ကွယ်လွန်ခဲ့ပြီး အခြားကလေးငယ် ၅ဦးနဲ့ အသက်(၂၁)နှစ်အရွယ် မူလတန်းကျောင်းဆရာတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိထားတယ်လို့ သံအမတ်ကြီးက ဆက်လက်တင်ပြပါတယ်။
အဲဒီနေရာက ကလေးတွေကျောင်းတက်တဲ့နေရာ၊ ကလေးတွေရှိတဲ့နေရာဖြစ်ပြီး မတော်တဆ ဖြစ်တာမဟုတ်ဘဲ အကြိမ်ပေါင်းများစွာ ဂျက်ဖိုက်တာ ၁စီး၊Y 12 ၁စီးနဲ့ လှည့်ပတ်ပြီးတော့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခဲ့တာလို့ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)တွဲဖက် အတွင်းရေးမှူးဦးဗညားက ပြောထားပါတယ်။ လူသားမျိုးနွယ်အပေါ် စစ်တပ်ရဲ့သတ်ဖြတ်မှုတွေမှာ ပါ၀င်သူအားလုံးကို အရေးယူနိုင်ရေးနဲ့ တရားမျှတမှုရရှိရေး အတွက် ဆောင်ရွက်သွားမယ်လို့ သူက ပြောထားပါတယ်။
အလားတူ ဒီရက်ပိုင်းမှာပဲ စစ်အုပ်စုက ရခိုင်ပြည်နယ်အတွင်း သားဖွားဆေးခန်း၊ ပညာသင်ကျောင်း၊ တံတားအပါအဝင် အရပ်သားအဆောက်အဦများအပေါ် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ အသက် ဆုံးရှုံးခဲ့တဲ့အခြေအနေကိုလည်း သံအမတ်ကြီးက ကုလအစည်းအဝေးမှာ တင်ပြပါတယ်။ အာရက္ခတပ်တော်(AA)ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ နိုဝင်ဘာ ၁ရက်နဲ့ ၂ရက် နှစ်ရက်ဆက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၅ဦးထက်မနည်း သေဆုံးကာ ၂၆ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မြန်မာပြည်သူတွေဟာ နိုင်ငံတကာရဲ့ တရားမျှတမှုစနစ်အပေါ်မှာ ကြီးစွာသော မျှော်လင့်ချက်ကို ထားရှိကြောင်း အထူးသဖြင့် အဲဒီမျှော်လင့်ချက်ဟာ ICC တရားရုံးရှေ့နေက စစ်အုပ်စုခေါင်းဆောင်းမင်းအောင်လှိုင်ကို ဖမ်းဝရမ်းတင်သွင်းခဲ့ပြီးနောက် ပိုမို ကြီးထွားလာခဲ့ကြောင်း သံအမတ်ကြီးက ကုလအစည်းအဝေးမှာ ပြောပါတယ်။
ICC တရားရုံးရှေ့နေရဲ့ ဖမ်းဝရမ်းလျှောက်ထားမှု ၂နှစ်ခန့်ကြာမြင့်လာပေမယ့် မြင်သာတဲ့ တိုးတက်မှုနဲ့ ဖမ်းဝရမ်းထုတ်ပြန်မှု ကြန့်ကြာနေမှုအပေါ် သံအမတ်ကြီးက ထောက်ပြဆွေးနွေးပါတယ်။
စစ်အုပ်စု ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုများကို အချိန်နဲ့အမျှ ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ သန်းပေါင်းများစွာသော ပြည်သူများအတွက် တရားမျှတမှု နှောင့်နှေးကြန့်ကြာနေခြင်းဟာ တရားမျှတမှုကို ငြင်းဆန်ခြင်း အဓိပ္ပာယ်သက်ရောက်ပြီး အရေးယူဆောင်ရွက်မှုမရှိတဲ့ နေ့ရက်တိုင်းမှာ အပြစ်မဲ့ပြည်သူများ အသက်ပေးနေရတယ်လို့ သံအမတ်ကြီးက သတိပေး ပြောကြားပါတယ်။
ဒါကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံးအနေနဲ့ လုပ်ငန်းစဉ်များကို လျင်မြန်စွာ လုပ်ဆောင်ပေးဖို့နဲ့ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်တဲ့ အဓိကတရားခံများကို တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ပေးဖို့ ထပ်လောင်း တောင်းဆိုလိုပြီး အဲဒီလိုလုပ်ဆောင်မှသာ ရိုဟင်ဂျာများနဲ့ မြန်မာပြည်သူတရပ်လုံးအတွက် တရားမျှတမှု ဆောင်ကြဥ်းပေးနိုင်မယ်လို့ ယုံကြည်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။
စစ်အုပ်စုအပေါ် ဖိအားပေးမှု လျှော့ပေးခြင်းအစား ပိုမိုပြင်းထန်တဲ့ ဖိအားများ ချမှတ်ပေးဖို့ သံအမတ်ကြီးက ထပ်မံတောင်းဆိုပါတယ်။
အဓိကအားဖြင့် စစ်အုပ်စုကို လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး သုံးပစ္စည်းများနဲ့ ငွေကြေးထောက်ပံ့မှုတို့ ချက်ချင်းဖြတ်တောက်ရမှာ ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
မြန်မာပြည်သူတွေဟာ တရားမျှတမှုနဲ့ ထိုက်တန်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းတို့အနေနဲ့ ထိရောက် ပြတ်သားတဲ့လုပ်ဆောင်ချက်များကို နောင်မှမဟုတ်ဘဲ အခုပင် လုပ်ဆောင်ပေးဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက မိန့်ခွန်းအဆုံးသတ်မှာ ထပ်မံတောင်းဆိုပါတယ်။





















































