နိုဝင်ဘာ ၃၊ ၂၀၂၆။ ဇေအောင်/People’s Spring
သာယာဝတီအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို အဓမ္မအလုပ်လုပ်ခိုင်းတာ၊ အဓမ္မငွေတောင်းခံတာတွေ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
သာယာဝတီအကျဉ်းထောင်မှာ ဒုထောင်ပိုင်အေးမင်းအပါအဝင် ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး၊ အဓမ္မအလုပ်ခိုင်းစေတာ၊ ငွေကြေးအဓမ္မတောင်းခံတာတွေ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ နိုဝင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒုထောင်ပိုင်အေးမင်းနဲ့ တာဝန်ရှိသူတွေဟာ သာယာဝတီထောင်အတွင်းရှိ အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူတွေကိုပါ အကျဉ်းထောင်အတွင်း အဓမ္မအလုပ်ခိုင်းစေနေကြောင်း၊ အလုပ်မလုပ်နိုင်တဲ့သူတစ်ဦးကို ငွေကျပ် ၁ သိန်းစီ ပေးဆောင်ရမယ်ဆိုပြီး ငွေကြေးအဓမ္မတောင်းခံမှုတွေ ပြုလုပ်နေကြောင်း PPNMက အသိပေးပါတယ်။

Public Service Announcement
ဒါ့အပြင် ထောင်တွင်းအလှူငွေ အကြောင်းပြချက်နဲ့ ၂၀၂၆ အောက်တိုဘာ တစ်လတည်းမှာပဲ ငွေကြေးကောက်ခံမှုပေါင်း (၈) ကြိမ်အထိ ပြုလုပ်ခဲ့ပြီး၊ ငွေကြေး မပေးဆောင်နိုင်သူတွေကို အလုပ်ပိုမိုခိုင်းစေခြင်တာ၊ အမျိုးသားအဆောင်တွေမှာ အခန်းပြောင်း၊ အဆောင်ပြောင်းရွှေ့ကာ ဖိနှိပ်မှုတွေ ပြုလုပ်နေတယ်လို့ PPNMက ထပ်မံအသိပေးပါတယ်။
အဲဒီလို ငွေကြေးကောက်ခံမှုတွေနဲ့ အဓမ္မဖိနှိပ်ခိုင်းစေမှုတွေအပြင် ၂၀၂၆ စက်တင်ဘာကစတင်ကာ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ ပိုမိုဖိနှိပ်မှုတွေကိုလည်း နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ကြုံတွေ့နေရကြောင်း၊ ထောင်တွင်း မီးပေးချိန်မှာလည်း တစ်ရက် ၃ နာရီခန့်သာရှိပြီး၊ ချိုးရေကိုလည်း အကျဉ်းသားတွေအတွက် အချိန်သတ်မှတ်ထားကာ အခန်းလူကြီးတွေကတော့ အကန့်အသတ်မရှိ သုံးစွဲခွင့်ရရှိနေကြကြောင်း PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သောက်သုံးရေနဲ့ ဆေးဝါးဆိုင်ကိစ္စတွေမှာလည်း အကျဉ်းသားတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ ပေးထားတဲ့ သောက်ရေတွေဟာ အမှုန်အမွှားတွေပါဝင်ကာ မသန့်ရှင်းတာကြောင့် အကျဉ်းသားတွေက ဈေးဘားတွေကနေတဆင့် ကိုယ်ပိုင်ငွေနဲ့ ပြန်လည်ဝယ်ယူ သောက်သုံးနေရကြောင်း၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဘယ်ရောဂါဝေဒနာ ခံစားရတာဖြစ်စေ ဗီတာမင် B1 နဲ့ Cevit ဆေးပြားတွေကိုသာ ထုတ်ပေးနေကြောင်း PPNM က အသိပေးပါတယ်။
ဒါ့အပြင် အကျဉ်းထောင်အတွင်း ပေးဝေတဲ့ ဆန်ပြုတ်၊ ပဲဟင်းနဲ့ ငါးဟင်းတို့မှာ အာဟာရဓာတ် လုံးဝမလုံလောက်ဘဲ အာဟာရချို့တဲ့မှုကြောင့် အောက်ပိုင်းချည့်နဲ့နေသူတွေကို ဆေးဘက်ဆိုင်ရာ မှတ်ချက်တွေမှာ အမှန်အတိုင်း မရေးဘဲ ထောင်ဘက်မှ အဆင်ပြေနေသကဲ့သို့ မဟုတ်မမှန် ရေးသားနေကြောင်း PPNMက ဆိုပါတယ်။
“ခုလက်ရှိမှာတော့ ဒုထောင်ပိုင်ကို ခေါ်ပြီးတော့မှ စစ်ဆေးနေတယ်လို့ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီလိုမျိုး အနိုင်ကျင့် ဖိနှိပ်နေတာတွေကို ထုတ်ပြန်ချက်တွေ၊ ကျနော်တို့လည်း ထုတ်ပြန်ထားတာရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး စစ်မေးနေတယ်လို့ ကြားသိရပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
ဒါ့အပြင် ထောင်အာဏာပိုင် အချင်းချင်းကြားမှာလည်း ပြဿနာတွေ ဖြစ်ပွားနေပြီး အဲဒီအခြေအနေတွေကြောင့် အကျဉ်းဦးစီးဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပိုမိုဖိနှိပ်ချုပ်ချယ်လာကြောင်း PPNMက ရေးသားထားပါတယ်။
သာယာဝတီအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို အခွင့်ကောင်းယူကာ ငွေကြေးအဓမ္မတောင်းခံနေတဲ့ လုပ်ရပ်တွေဟာ ထောင်အာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစားလုပ်တာဖြစ်ကြောင်း၊အဲလိုလို တရားမဝင် ငွေကြေးကောက်ခံနေမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး တာဝန်ယူဖြေရှင်းဖို့နဲ့ နောင်မှာ အခုလို ဖိနှိပ်ငွေကြေးတောင်းခံမှုတွေ မရှိစေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။





















































