Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦး သားဖွားဆေးရုံဗုံးကြဲမှု လူ့သမိုင်းတလျှောက်အဆိုးရွားဆုံးဖြစ်ရပ်​တွေထဲကတစ်ခုလို့ AAပြော

ဗုံးကြဲမှုမှာပါဝင်သူတယောက်ချင်းစီကို လက်တုံ့ပြန်အရေးယူနိုင်ဖို့ ကြိုးပမ်းမယ်လို့​ ဦးခိုင်သုခ​ပြော

(မြောက်ဦး‌ယာယီဆေးရုံကိုစစ်တပ်ဗုံးကြဲခဲ့ပြီး​နောက်​ ​ဘေးကင်းမယ်ထင်တဲ့​နေရာမှာက​လေးငယ်ကို အ​ရေး​ပေါ်​ကုသမှုပြုလုပ်​နေစဥ်။ ဓါတ်ပုံ-AA Info Desk )

နိုဝင်ဘာ-၃၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က မြောက်ဦးသားဖွားဆေးရုံဗုံးကို ဗုံးကြဲခဲ့တဲ့ ဖြစ်ရပ်ဟာ လူ့သမိုင်းတလျှောက်မှာ အဆိုးရွားဆုံးနဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးတွေထဲကတခုဖြစ်ပြီး ဗုံးကြဲမှုမှာပါဝင်သူတယောက်ချင်းစီကို လက်တုံ့ ပြန်သွားမယ်လို့ အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ မှာ စစ်တပ်က မြောက်ဦးမြို့သားဖွားဆေးရုံဗုံးကြဲမှုအပါအဝင် ရခိုင်ပြည်အတွင်းဗုံးကြဲမှု တွေနဲ့ ပက်သက်လို့ အခုလိုပြောကြားလာတာဖြစ်ပါတယ်။ “ဒီသားဖွားဆေးရုံကို ဗုံးကြဲခံရတဲ့ဖြစ် ရပ်ဟာ လူ့သမိုင်းတလျှောက်မှာ အဆိုးရွားဆုံးနဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးတွေထဲက တခုဖြစ်ပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။

စစ်တပ်ဟာ အခုရက်ပိုင်းမှာ အာရက္ခပြည်ထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊ အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်လုပ်​နေပြီး အဲဒီလုပ်ရပ်တွေဟာ အင်မတန်အောက်တန်းကျယုတ်မာတဲ့လုပ် ရပ်တွေဖြစ်တယ်လို့လည်းအာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ မြောက်ဦး၊ သားဖွားဆေးရုံဗုံးကြဲခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာပဲ စစ်တွေ – ရန်ကုန်ပြည်ထောင်စုလမ်းမ ပေါ် ဝါးတောင်ရွာအနီးရှိ ယိုးချောင်းတံတားကိုလည်း ဗုံးကြဲခဲ့ပြီး​ဒေသခံပြည်သူတွေ နဲ့ ခရီးသွား ပြည်သူ ၇ ဦး သေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အလားတူပေါက်တောမြို့နယ် ရွာချောင်းကြီး၊ ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာတို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာခဲ့ပါတယ်။ ဒါ့အပြင်နိုဝင်ဘာ၂ ရက်နေ့မှာလည်းကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာကို ဗုံးထပ်ကြဲခဲ့ကာ စစ်ဘေးရှောင်ပြည်သူတွေအပါအဝင် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီလိုအကြမ်းဖက်တိုက်ခိုက်တာဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို ချိုးဖောက်တာဖြစ်ပြီးစစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

“ဒီအကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ထိခိုက်သေဆုံး၊ ဒဏ်ရာရခဲ့ကြတဲ့ကျွန်တော်တို့ပြည်သူတွေအတွက် တရားမျှတမှုရရှိရေး၊ ပါဝင်ပက်သက်သူတယောက်ချင်းစီတိုင်းကို လက်တုံ့ပြန်အရေးယူနိုင်ဖို့ကျွန်တော်တို့ ULA/AAအနေနဲ့အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ သူကဆက်​ပြောပါတယ်။

စစ်တပ်ဟာ နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်မှာ မြောက်ဦးမြို့ရှိ ပြည်သူတွေကို ဆေးကုပေးနေတဲ့ ယာယီ ဆေးပေးခန်း၊ သားဖွားဆောင်နဲ့ ပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာနှစ်စီးနဲ့ Cluster ဗုံးလေးလုံးကြဲချတိုက် ခိုက်ခဲ့တာဖြစ်ပြီး အဲဒီဆေးရုံမှာ ဆေးကုသနေတဲ့ တလကျော်အရွယ်ကလေးငယ်အပါအဝင် ၅ ဦးသေဆုံးပြီး ၉ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အဲဒီလို ဆေးရုံတိုက်ခိုက်ခံရတာကြောင့် လူနာတွေအတွက် ဆေးကုသဖို့အခက်အခဲဖြစ်သွားစေလို့ ကျန်းမာရေးဌာ နအတွက် ဆေးဝါးပျက်စီးမှုတွေရှိကာ ဆရာဝန်တွေအတွက်လည်း လုပ်ရကိုင်ရခက်သွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နေရာအားလုံးနီးပါးကို လက်လွှတ်ထားရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခု ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့)မှာလည်း မြောက်ဦးပြည်သူ့ဆေးရုံကြီး(ယခင်ဆေးရုံ နေရာ)ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် လူနာ၊ လူနာစောင့်နဲ့ ဝန်ထမ်းစတဲ့ အပြစ်မဲ့အရပ်သားပြည်သူ ၃၄ ဦး သေဆုံးပြီး ၇၆ ဦး ဒဏ်ရာရကာ ဆေးရုံတခုလုံးလည်း လုံး၀ပျက်စီးသွားခဲ့ပါတယ်။

အဲဒီလို မူလဆေးရုံကြီးပျက်စီးသွားခဲ့တာကြောင့် နောက်ထပ်လုံခြုံနိုင်မယ့်နေရာတခုမှာ သိုဝှက်ပြီး ဆေးရုံသစ်ဖွင့် လှစ်ထားခဲ့ရာ အခုအခါ အဲဒီဆေးရုံသစ်ကိုပါ စစ်တပ်က ဗုံးထပ်ကြဲခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အတွင်း က တိုက်ပွဲတွေမှာ အထိနာအကျအဆုံးများပြီး တပ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာ တွေကိုပါ မချန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် ကမ်းပေါ်က စစ်တပ်ခြေကုတ်နေရာအားလုံးကို အာရက္ခတပ် တော် (AA)က အပြီးပြတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက တပ်စခန်း ၂ ခုထက်မနည်းတို့ကို သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင် စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်သင်္ဘော ၅ စီးထက်မနည်းဟာလည်း AA ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့ရပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ တန်ပြန်စစ်ဆင်ရေးအရှိန်ထပ်မြှင့်တဲ့စက်တင်ဘာ ၄ ရက်ကနေ နိုဝင်ဘာ ၂ ရက်ထိ နှစ်လနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၂၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၁၉ ဦးထက်မနည်း ရှိခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook