●စစ်တပ်ကပုဏ္ဏားကျွန်းဘက်ကိုတန်ပြန် ထိုးစစ်ဆင်ဖို့ထပ်မံကြိုးစား
●စစ်တွေမှာ AA ကစစ်တပ်တပ်ရင်းတွေကိုလက်နက်ကြီးတွေနဲ့ညလုံးပေါက်ပစ်ခတ်တိုက်ခိုက် ၊နေရာငါးခုမှာတိုက်ပွဲပြင်းထန်နေ
နိုဝင်ဘာ-၃၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစစစ်တွေ)အဓိကရှေ့ထွက်တပ်ရင်းတွေဖြစ်တဲ့ ပါဒလိတ်တပ်ရင်းတွေထဲကို အာရက္ခတပ်တော်(AA)ကလက်နက်ကြီးနဲ့ ပစ်ခတ်၊ တိုက်ခိုက်တာကြောင့် ဗိုလ်မှူးအဆင့်အပါအဝင် ၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

Public Service Announcement
စစ်တွေမြို့ရဲ့မြောက်ဘက်၊ဒကစဌာနချုပ်နဲ့ ၄ မိုင်ကျော်အကွာပါဒလိတ်ရွာမှာ စစ်တပ်ရဲ့ ခြေလျင်တပ်ရင်းနဲ့ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခလရ (၂၃၂) ၊ ခမရ(၃၄၄)၊ အမှတ် (၁၀) ပညာရေးသင်တန်းကျောင်း နဲ့ အမှတ် (၃၄၃) စစ်လက်နက်ပစ္စည်းတပ်ခွဲတို့ အခြေစိုက်ထားပါတယ်။အဲဒီတပ်ရင်းတွေကို AA ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး ခလရ(၂၃၂ )ထဲကိုကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
“အရာရှိနေရာကိုကျတယ်။ညဘက်မှာပစ်သွားတာ။ အတည်ပြုနိုင်တာငါးယောက် သေတယ်။ဒဏ်ရာရတာတွေလည်းရှိအုံးမယ်။ ဗိုလ်မှူးတွေပါတယ်။ဒုဗိုလ်မှူးကြီးအဆင့်တွေကိုပါရှေ့တန်းမှာကွပ်ကဲခိုင်းထားတယ်လို့ သိရတယ်”လို့စစ်ရေးနဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ပါဒလိတ်တပ်ရင်းတွေအပါအဝင် စစ်တွေမြို့နယ်အတွင်းက စစ်တပ်ရဲ့ တပ်ရင်းတွေကိုလက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့က ပါဒလိတ်တပ်ရင်းထဲကျရောက်ထိမှန်ပြီးစစ်တပ်အရာရှိတွေ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
“လက်နက်ကြီးတိုက်ပွဲလို့တောင် ပြောလို့ရ တယ်။ကိုယ့်ဘက်ကလူတွေ လက်နက်ကြီးတွေနဲ့ချည်း ချနေတာ။ အောင်ပွဲရတယ်ပြောကြတယ်။ညဘက်ဆိုရင်လက်နက်ကြီးသံတွေ စကြားရပြီ မိုးလင်းပေါက်နီးပါးပဲ” လို့ စစ်တွေ မြို့နယ်နဲ့ထိစပ်နေတဲ့ပေါက်တောဒေသခံစစ်ရေးနီးစပ်သူတဦးကပြောပါတယ်။
AA ဟာ စစ်တပ်တပ်ရင်းတွေကို အဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေသလိုအမြင့်ကျွန်း၊ရေချမ်းပြင်၊ကံ့ကော်ကျွန်းတို့ဝန်းကျင်ရှိစစ်တပ်စခန်းတွေကို မြေပြင်ကနေလည်း ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတယ်စုံစမ်းသိရပါတယ်။
ဒါ့အပြင် စစ်တပ်က အင်အားအလုံးအရင်းဖြည့်တင်းလာတဲ့ ရွှေမင်းဂံရေတပ်ဝန်းကျင်၊ ငတောက်တက်ဝန်းကျင်တို့ မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်း ၁၀ ကျော်လက်လွှတ်ထားရပြီး ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်မှာပါ ခြေကုပ်စခန်းချခွင့်မရဘဲ တပ်ရင်းတခုလုံးနီးပါး သေဆုံးခဲ့ရတဲ့ စစ်တပ်ဟာ စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ် ဘက်ကို နောက်တကြိမ် တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားလာတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
“ဒီကောင်တွေ ငတောက်တက်၊ ဝါဘိုနားကနေပြီးတော့ ပုဏ္ဏားကျွန်းဘက်ကို ထပ်ပြီးထိုးဖို့ လုပ်တယ်။သူတို့ ကြိုးစားနေတာ သုံး၊ လေးရက်ရှိပြီ။ရွှေမင်းဂံကလည်း ခမောင်းတောဘက်ကို ထပ်တက်ဖို့ကြိုးစားတယ်။ အဲဒီမှာလည်း တိုက်ပွဲဖြစ်နေကြတယ်” လို့ AA နဲ့နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ကတန်ပြန်ထိုးစစ်ဆင်ဖို့ထပ်မံကြိုးစားနေပေမယ့် မအောင်မြင်ဘဲ သေဆုံး၊ဒဏ်ရာရသူများပြီး အထိနာနေတယ်လို့ သူကဆိုပါတယ်။ အခုရက်ပိုင်းစစ်တွေမြို့နယ်အတွင်းက မြေပြင်တိုက်ပွဲတွေမှာ စစ်တပ်ဘက်က သေဆုံးသူဆယ်နဲ့ချီရှိတယ်လို့AA သတင်းရင်းမြစ်က ပြောပါတယ်။
“ခမောင်းတောဘက်မှာ ပိုနာတယ် ေ ွး တွေ ဒီနှစ်ရက်၊ သုံးရက်လောက်မှာ ၃၀ လောက် ရတယ်။ ကိုယ့်ဘက် လည်း အထိအခိုက်ရှိပေမယ့်အားလုံးပေါင်း၅ ယောက်၊၆ယောက်လောက်ပဲဒဏ်ရာရတာရှိတယ်။အကောင်းဆုံးထိန်းထားတယ်” AA သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကလည်း စစ်တွေမြို့နယ်ကနေ AA သိမ်းပိုက်ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့ နယ်ဘက်ကို အင်အားထောင်ချီသုံးပြီးထိုးစစ်ဆင်ခဲ့ပေမယ့် AA စခန်းတွေ သိမ်းနိုင်တာမရှိဘဲ စစ်ကြောင်းအားလုံး အထိနာ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။
ဒါကြောင့် ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် ကုလားတန်မြစ်လယ် ရှိ ငပြီကျွန်းပေါ်ကို အောက်တိုဘာ ၇ ရက်နေ့မှာ ကမ်းတက်ဖို့ ကြိုးစားခဲ့ပြီး ကမ်းတက်နိုင်ခဲ့ပေမယ့် တိုက်ပွဲသုံးပတ် အကြာအောက်တိုဘာ ၂၉ ရက်နေ့မှာတော့ ငပြီကျွန်းပေါ်မှ ခြေကုပ်နေရာတွေအားလုံးကိုAA ကအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ငပြီကျွန်းတိုက်ပွဲမှာလည်းစစ်တပ်က သေဆုံး၊ဒဏ်ရာရသူ ၊လက်နက်ချသူ အများအပြားရှိပြီးအထိနာခဲ့ပါတယ်။
အဲဒီနောက်အခုတကြိမ် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို တန်ပြန်ထိုးစစ်လုပ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် AAက စစ်တွေမြို့သိမ်းတိုက်ပွဲအတွက် အချိန်ယူပြင်ဆင်ထားတာကြောင့် စစ်တပ်ရဲ့ တန်ပြန်ထိုး စစ်တွေဟာ အောင်မြင်နိုင်ခြေနည်းသွားပြီလို့ စစ်ရေးနဲ့နီးစပ်သူတွေက သုံးသပ်ပါတယ်။
၄၉၂၆ စစ်ဆင်ရေးလို့ နာမည်ပေးခဲ့တဲ့ စစ်တပ်ရဲ့ ထိုးစစ်နှစ်လနီးပါးအတွင်း AA ဟာ စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခုကို သိမ်းပိုက်ပြီး စစ်တပ်သင်္ဘော ၅ စီးထက်မနည်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစပြီး ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ နှစ်လနီးပါးရှိပြီ ဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးနှစ်လနီးပါးအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်း စစ်တပ်စခန်း ၁၇ ခုထက်မနည်းလက်လွှတ်ဆုံးရှုံးခဲ့ပါတယ် ။





















































