နိုဝင်ဘာ ၃၊ ၂၀၂၆။ထားမြတ်/People’s Spring
ထိုင်းတော်ဝင်အစိုးရနဲ့ ထိုင်းအာဏာပိုင်များအနေနဲ့ တိုက်ခိုက်မှုများမှ ထွက်ပြေးလာသော အရပ်သားများကို ဘေးကင်းစွာ ခိုလှုံခွင့်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ခဲ့ပြီး အဲဒီလို ခိုလှုံခွင့်ပေးတာ ဆက်လက်ဆောင်ရွက်ပေးဖို့၊ အခြေခံ ကုန်စည်တွေအတွက် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို ဆက်လက်ဖွင့်လှစ်ထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။
စစ်တပ်က KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ နယ်စပ်နေရာအချို့ကို လေကြောင်း တိုက်ခိုက်တာ၊ KNUနဲ့ ပူးပေါင်းဆက်ဆံခြင်းမပြုဖို့ ထိုင်းလုပ်ငန်းရှင်တွေကို ကြပ်မတ်ပေးဖို့ စစ်တပ်က ထိုင်းအာဏာပိုင်တွေထံ စာပို့တာ စတဲ့ ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပြီးနောက် KNUက ကော်သူးလေ-ထိုင်း နယ်စပ်တစ်လျှောက် လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆိုးရွားလာမှုဆိုင်ရာ ထုတ်ပြန်ချက်တရပ်ကို ဒီကနေ့ နိုဝင်ဘာ ၃ရက်မှာ ထုတ်ပြန်ပြီး အခုလို တောင်းဆိုခဲ့တာပါ။
“အခြေခံကုန်စည်များအတွက် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို ဆက်လက် ဖွင့်လှစ်ထားပေးရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်း၊ အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ခြင်း၊ တရားဝင်ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် နယ်စပ်လုံခြုံရေးတို့အတွက် KNU နှင့် နယ်စပ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) တို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းခိုင်မာအောင် ပြုလုပ်ပေးရန် လေးစားစွာ တောင်းဆိုအပ်ပါသည်” လို့ KNU ရဲ့ စာမှာဖော်ပြထားပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာနောက်ဆုံး အပတ်မှာ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ခြားထားသော သံလွင်မြစ်ပေါ်ရှိ မြစ်ကူးဆိပ် (၃)ခုဖြစ်တဲ့ မယ်နုထာ၊ ရာထာနဲ့ သော်လဲထာ (မယ်ရာထာ) တို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သော်လဲထာကို ပစ်မှတ်ထား တိုက်ခိုက်မှု များကြောင့် မြစ်တဖက်ကမ်းရှိ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ စူမွဲမြို့နယ်၊ မယ်စမ်လဲ့ ကျေးရွာဟာ ထိခိုက်မှု ခံစားခဲ့ရကြောင်း KNUက ထုတ်ပြန်ပါတယ်။ အဲဒီလိုထိခိုက်မှုအတွက် စိတ်မကောင်းဖြစ်ရဟုလည်း ဖော်ပြပါတယ်။
အဲဒီ မြစ်ကူးဆိပ်တွေဟာ အရွယ်အစား ငယ်ပေမဲ့ မူတြော်(ဖာပွန်)ခရိုင်ရှိ လူဦးရေ ၁၂၀,၀၀၀ ကျော်နဲ့ အနီးတဝိုက်ဒေသများရှိ သိန်းနဲ့ ချီသော ပြည်သူများအသက်ရှင်ရေးအတွက် အသက်သွေးကြော ဖြစ်ဟု အသိပေးပါတယ်။
အရပ်သားတို့ အသက်ရှင်ရေးအတွက် အခရာကျသော ကုန်သွယ်ရေးလမ်းကြောင်းများကို တိုက်ခိုက်ခြင်းဟာ နိုင်ငံနှစ်နိုင်ငံလုံးရှိ ပြည်သူများရဲ့ ရှင်သန်ခြင်း၊ အသက်မွေးဝမ်းကျောင်း ပြုခြင်းတို့ကို တိုက်ခိုက် ခြင်းပင် ဖြစ်ကြောင်း KNUက စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ပါတယ်။
KNU မူတြော်ခရိုင် နယ်စပ်ကုန်သွယ်ရေးနဲ့ လုံခြုံရေးရုံးကို လူထုအတွက်မဖြစ်မနေလိုအပ်သော နယ်စပ်ကုန်သွယ်မှု များ လွယ်ကူချောမွေ့စေဖို့၊ တရားမဝင် ရာဇဝတ်လုပ်ငန်းများကို ကာကွယ်တားဆီး တိုက်ဖျက်ရေးတို့အတွက် ရှင်းလင်းသောစည်းမျဉ်းစည်းကမ်းများဖြင့် ပိုမိုစနစ်တကျဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတာလို့လည်း အသိပေးပါတယ်။
အဲဒီ ရုံးဟာ ၂ဝ၂၆ ဩဂုတ်လ ၂၃ ရက်နေ့မှာ စတင်ပြီး ဒေသခံ ထိုင်းအာဏာပိုင်များနဲ့ ပူးပေါင်းကာ သံလွင်မြစ်တစ်လျှောက် တရားမဝင် သစ်လုံးသယ်ယူမှုကို တားဆီးအရေးယူရာမှာ ဦးဆောင်ခဲ့ကြောင်း ဖော်ပြပါတယ်။ ၂၀၂၅ တုန်းကလည်း စိတ်ကြွမူးယစ်ဆေးဝါးများစွာကို ကရင်အမျိုးသား နယ်စပ်လုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီး ရမိခဲ့ပြီး အများပြည်သူ သတင်းမီဒီယာများရှေ့မှောက်မှာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင် ရာဇဝတ်လုပ်ငန်း တားဆီး ကာကွယ်ရေး ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေကို ဖော်ပြပါတယ်။
“နယ်စပ်နှစ်ဘက်မှ အခြေခံ ပြည်သူများကြား နယ်စပ်ကုန်သွယ်ရေးကို ပိတ်ခြင်းသည် ဖြေရှင်းချက် မဟုတ်ပါ။ ဒေသအာဏာပိုင်များအနေနှင့် အခြေခံ စားသုံးကုန် ကုန်သွယ်မှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်းများသည် ဒေသခံပြည်သူများကို ၎င်းတို့ ရှင်သန်ရပ်တည် ရေးအတွက် မရှိမဖြစ်အရေးပါသော ကုန်ပစ္စည်းများ ရောင်းဝယ်ရေးအတွက် ခိုးကြောင်ခိုးဝှက်လမ်းကြောင်းကို အသုံးပြု ရန်တွန်းပို့ရရောက်ပေမည်။ယင်းသည် တရားမဝင် ဒုစရိုက် ကုန်သွယ်မှုများ တိုက်ဖျက်ရေးလုပ်ငန်းများကို အားလျော့စေမည့်အပြင် ဒေသခံတို့၏ အသက်မွေး ဝမ်းကျောင်းကိုလည်း ထိခိုက်စေမည် ဖြစ်ပါသည်” လို့ KNUက ထုတ်ပြန်ကာ နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မှု မလုပ်ဖို့ လိုအပ်တဲ့ အခြေအနေကို မီးမောင်းထိုး ပြပါတယ်။
ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (scam) စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာ ပျံ့နှံ့လာနေသော အန္တရယ်ကို ရင်ဆိုင်ရလျက်ရှိကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။
ပြည်သူတွေဟာ တရားဝင် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ ဆုံးရှုံးသွားပါက ၎င်းတို့ အသက်ရှင်ရပ်တည် ရေးအတွက်သာ မကောင်းမှုဒုစရိုက်လုပ်ငန်းများထဲသို့ ဝင်ရောက်ဖို့ တွန်းပို့ခံရမယ့် အန္တရာယ် ကြီးမားစွာ ရှိနေကြောင်း KNUက သတိပေးပါတယ်။
တဖက်မှာ အာဏာသိမ်းစစ်အုပ်စုဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးကို လက်နက်တစ်ခုအဖြစ် ပြောင်ပြောင်တင်းတင်း အသုံးချလျှက်ရှိဟု KNUက ထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ မြဝတီ-ဘားအံ-မော်လမြိုင် လမ်းမကြီးကဲ့သို့ သူတို့ ထိန်းချုပ်ထားတဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်းများ တစ်လျှောက်နဲ့ မြန်မာနိုင်ငံအတွင်းရှိ သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ သံလွင်တံတား များရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးစစ်ဆေးမှုများကို တိုးမြှင့်တင်းကြပ်ကာ ထိုင်းကုန်ပစ္စည်းများ သိုလှောင်ထားတဲ့ ဂိုဒေါင်များ၊ လက်ကားဒိုင်များနဲ့ ကုန်တင်ယာဉ်များကို ပြင်းပြင်းထန်ထန် ဝင်ရောက်စီးနင်း နေရာ အဲဒီ လုပ်ရပ်တွေဟာ တရားဝင် ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေကြောင်း ဖော်ပြပါတယ်။
ဒါ့အပြင် ထိုင်းလုပ်ငန်းရှင်များနဲ့ နယ်စပ်စီးပွားရေးကို ထိခိုက်စေကာ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအတွက် အခြေခံ စားသုံးကုန် ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုများကို ရင်ဆိုင်စေလျက်ရှိကြောင်း ဆိုပါတယ်။
အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် မိမိကိုယ်ကို သမ္မတအဖြစ် နေရာယူခဲ့တဲ့ စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုဟာ ငြိမ်းချမ်းရေးကို လူသိရှင်ကြား ကြွေးကြော်ကာ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည် ဖွင့်လှစ်ပေးမယ်လို့ ကတိပြုနေပေမဲ့ နေ့စဉ် လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှုများကို ပိုမိုပြင်းထန်စွာ ဆောင်ရွက် လျက်ရှိကြောင်းလည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အောက်တိုဘာလအတွင်း ရက်ပေါင်း ၃၁ရက် ရှိတဲ့အနက် အနည်းဆုံး ၁၃ရက်လောက်မှာ စစ်တပ်က ထိုင်းနယ်စပ်ရှိ မူတြော်(ဖာပွန်)ခရိုင်ကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း KNUက ဆိုပါတယ်။
KNU နယ်မြေအပါအဝင် နိုင်ငံတဝန်းအခြားဒေသတွေက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်အုပ်စုရဲ့ လေယာဉ်သုံး လောင်စာနဲ့ လက်နက်များ ရရှိမှုကို ကန့်သတ်ဖို့ ၊ အရပ်သားတွေအပေါ် လေကြောင်း တိုက်ခိုက်မှုများ အဆုံးသတ်စေရေး ထိရောက်တဲ့ ဖိအားပေးဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့လည်း KNUက ထိုင်းနိုင်ငံ၊ အာဆီယံနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းထံ တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။
စစ်တပ်က အရပ်သားများအပေါ် တိုက်ခိုက်မှုများကို အဆုံးသတ်မှသာလျှင် နယ်စပ်နှစ်ဖက်ရှိ ပြည်သူများအားလုံး ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးတို့ ပြန်လည်ရရှိနိုင်မှာ ဖြတ်ကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။





















































