နိုဝင်ဘာ-၃၊ ၂၀၂၆။ ကတ်သရင်း/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ် ရေနံမှော်တွေကို ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုက အပတ်စဉ်-၂၅ စစ်မှုထမ်းသင်တန်းသားကို ၈၀ရာခိုင်နှုန်းကျော် အသုံးပြုထားပြီး အသေခံတိုက်ခိုင်းနေကာ အလင်းဝင်လာသူတွေ အများအပြားရှိတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
လက်ရှိမှာ မြိုင်မြို့နယ်တွင်းမပျူစခန်းနဲ့ ရေနံမှော်ဒေသ တဲကြီးရွာအနီးတို့မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။
“ကျွန်တော်တို့ တိုက်ပွဲဖြစ်နေတဲ့အချိန် မသတ်ပါနဲ့ဆိုပြီး ပြေးလာကြတာ။ စစ်တပ်က တပ်စုတခုမှာ လူ ၃၀ပါတယ်ဆိုရင် ၂ ယောက်လောက်ပဲ စစ်တပ်က ပါတယ်။ ၂၈ယောက်လောက်က အများစုက ပစတွေပဲ။ ဖမ်းမိတဲ့ကောင်လေးတွေဆို တာဝန်ထမ်းဆောင်တာ ၅လ လောက်ပဲရှိအုံးမယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိ စစ်အုပ်စုဘက်ကနေ တော်လှန်ရေးတပ်တွေထံ ပူးပေါင်းလာသူတွေထဲမှာ စစ်မှုထမ်း အပတ်စဉ်-၂၅က တောင်ကြီး၊ ရပ်စောက်၊ တောင်သာမြို့နယ်၊ တံတားဦးရွာနဲ့ ပုသိမ်ကြီးမြို့နယ်၊ သဲကုန်းရွာတို့က ပေါ်တာဆွဲခံရတဲ့ အသက် ၁၈၊ ၁၉နှစ်အရွယ် လူငယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၂၅ကို စစ်အုပ်စုက ဩဂုတ်မှာ သင်တန်းဆင်းထားတာလို့ သိရပါတယ်။
လက်ရှိတိုက်ပွဲ ဖြစ်နေရာ အင်းတော်မြို့နယ်မှာလည်း စစ်အုပ်စုက စစ်မှုထမ်းသင်တန်းဆင်း လူငယ်တွေ အများစုကို သုံးခဲ့ပြီး တပ်နောက်ပြန်ဆုတ်လို့ အချင်းချင်းပစ်သတ်တာတွေလည်းရှိတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
တိုက်ပွဲတွင်း စစ်မှုထမ်းသင်တန်းဆင်း(ပစ)တွေ သေဆုံးခဲ့လျှင်လည်း သင်္ဂြိုလ်မပေးဘဲ အလောင်းကို ပစ်ထားသွားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။





















































