— သန္တာဖြူ ရေးသားသည်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်းက အိမ်မြှောင်တစ်ကောင်ရဲ့ အသက်ရှင် သန်ရေး တိုက်ပွဲကို မြန်မာ့ ပယင်းကျောက် တစ်တုံးက ယနေ့အထိ သက်သေခံနေပါတယ်။
မြန်မာနိုင်ငံက ပယင်းကျောက်ထဲမှာ ပိတ်မိနေတဲ့ အိမ်မြှောင် အမြီး ရုပ်ကြွင်းက ရှေးခေတ် တွားသွား သတ္တဝါတွေဟာလည်း အန္တရာယ် ကြုံလာရင် သူတို့ရဲ့ အမြီးကို ကိုယ်တိုင် ဖြတ်ချနိုင်ခဲ့ကြတယ်ဆိုတာကို သက်သေပြတဲ့ ပထမဆုံး တိုက်ရိုက် ရုပ်ကြွင်း အထောက်အထား ဖြစ်လာပါတယ်။
ဒီ ရုပ်ကြွင်းထဲမှာ အိမ်မြှောင်တစ်ကောင်ရဲ့ ပြတ်ထွက်နေတဲ့ အမြီးကို တွေ့ရှိရပြီး၊ အဲဒီ အမြီး ရုပ်ကြွင်းဟာ မြန်မာနိုင်ငံ မြောက်ပိုင်း၊ ဟူးကောင်း တောင်ကြားဒေသမှ ရရှိခဲ့တဲ့ အရွယ်အစား ၁၈ မီလီမီတာရှိ ပယင်းကျောက် တစ်တုံးအတွင်းမှာ နှစ်ပေါင်းများစွာ မပျက်မစီး ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ဒီ ပယင်းကျောက်ထဲမှာ ပါဝင်နေတဲ့ နမူနာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၈.၈ သန်း မြေဖြူခေတ် ကာလ၊ ကရက်တေးရှပ်စ် (Cretaceous Period) လို့ ခေါ်တဲ့ ဒိုင်နိုဆောခေတ်ရဲ့ အလယ်ပိုင်း ကာလက ဖြစ်ပါတယ်။
ရှေးဟောင်း သက်ရှိ ရုပ်ကြွင်းဗေဒဆိုင်ရာ သိပ္ပံ ဂျာနယ်စောင်ဖြစ်တဲ့ Palaeontologia Electronica က “မြေဖြူခေတ်က အိမ်မြှောင်တစ်ကောင်ရဲ့ အမြီးဖြတ်ချနိုင်မှုကို သက်သေပြတဲ့ တိုက်ရိုက် ရုပ်ကြွင်း အထောက်အထား” ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသန စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။ ဒီရုပ်ကြွင်းဟာ ကျောရိုးရှိ သတ္တဝါတွေထဲမှာ မိမိ ဆန္ဒအလျောက် အမြီး ဖြတ်ချနိုင်ခဲ့ကြောင်း သက်သေပြတဲ့ ရှေးအကျဆုံး တိုက်ရိုက် အထောက်အထား ဖြစ်ပါတယ်။
သုတေသီတွေဟာ ပယင်းကျောက်အတွင်း ထိန်းသိမ်းထားတဲ့ ရုပ်ကြွင်းကို X-ray နည်းပညာနဲ့ အလွန် အသေးစိတ် စစ်ဆေး လေ့လာခဲ့ကြပြီး အမြီးရဲ့ ပျော့ပျောင်းတဲ့ တစ်ရှူးတွေကိုသာမက အမြီး ပြတ်ထွက်သွားတဲ့ နေရာကိုပါ အသေးစိတ် စစ်ဆေးနိုင်ခဲ့ပါတယ်။

ပယင်းကျောက်ဟာ အလင်းကို ကောင်းကောင်း မဖြတ်သန်းစေပဲ သာမန် အလင်းရောင်နဲ့ ကြည့်ရုံနဲ့ အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တာမို့ အဲဒီလို အမြီးရဲ့ ဖွဲ့စည်းပုံကို အသေးစိတ် လေ့လာနိုင်ဖို့ မိုက်ခရို-စီတီ (Micro-CT) လို့ ခေါ်တဲ့ ဓာတ်မှန် နည်းပညာကို အသုံးပြုခဲ့ကြပါတယ်။
ဓာတ်မှန် စကင်ဖတ်ပြီး လေ့လာ ကြည့်တဲ့အခါ အမြီး ပြတ်သွားတဲ့ နေရာ တစ်ဝိုက်မှာ တစ်ဖက်ကျယ်ပြီး တစ်ဖက်ကျဉ်းသွားတဲ့ တြိဂံပုံသဏ္ဌာန် ကြွက်သား ကွင်းတစ်ခုကို တွေ့ရှိခဲ့ကြပြီး ကြွက်သား ဖွဲ့စည်းပုံက ရှေးခေတ် အိမ်မြှောင်ဟာ သူ့အမြီးကို ဘယ်လို ဖြတ်ချန်ခဲ့သလဲဆိုတာ ဖော်ပြနေပါတယ်။ ဒီ ကြွက်သား ဖွဲ့စည်းပုံဟာ ယနေ့ခေတ် အိမ်မြှောင်တွေမှာ တွေ့ရတဲ့ ပုံစံနဲ့ တူညီနေပါတယ်။
သုတေသီတွေ အမြီး ပြတ်သွားတဲ့ နေရာရဲ့ ပုံသဏ္ဌာန်ကို အသေးစိတ် လေ့လာရခြင်း အကြောင်းက အမြီးဟာ သူ့ဘာသာသူ ရည်ရွယ်ချက်ရှိရှိ ဖြတ်ချန်ခဲ့တာလား၊ ဒါမှမဟုတ် မတော်တဆ ထိခိုက်ပြီး ပြတ်သွားတာလားဆိုတာကို ခွဲခြား သိရှိနိုင်ဖို့ ဖြစ်ပြီး လေ့လာ ကြည့်တဲ့အခါ အမြီး ပြတ်သွားတဲ့ မျက်နှာပြင်ဟာ ချောမွေ့နေပြီး အမြီးရဲ့ အရှည်တစ်လျှောက်ကို ထောင့်မှန် နီးပါး ဖြတ်ထားသလို တွေ့ရပါတယ်။
ဒါ့အပြင် အမြီးဟာ ပြင်းပြင်းထန်ထန် ထိခိုက်ပြီး ပြတ်သွားတဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာတွေလည်း မရှိပါဘူး။ ဥပမာ အရိုးလိုမျိုး အစိတ်အပိုင်းတွေ စုတ်ပြဲ ကွဲအက်နေတာ၊ အမြီး လိမ်ပြီး ထိခိုက်ထားတဲ့ လက္ခဏာတွေ၊ ဖိမိထားတဲ့ အရာတွေ၊ ဒါမှမဟုတ် အကြေးခွံတွေဟာ တစ်ဖက်တစ်ချက်ကို ဆွဲဖြဲထားသလို ဖြစ်နေတာမျိုးတွေ မတွေ့ရပါဘူး။
အဲဒီ အမြီး ပြတ်သွားတဲ့ နေရာ တစ်ဝိုက်မှာလည်း ကြွက်သား အပိုင်းတွေဟာ လက်စွပ်ပုံစံ ဝိုင်းဝိုင်းလေး စီတန်း ဖွဲ့စည်းနေတာကို တွေ့ရတာမို့ ဒီလို ကြွက်သား ဖွဲ့စည်းပုံဟာ ယနေ့ခေတ် အိမ်မြှောင်တွေမှာ အမြီးကို ထိန်းချုပ်ပြီး ကိုယ်တိုင် ဖြတ်ချန်တဲ့အခါ ပါဝင် လုပ်ဆောင်ပေးတဲ့ ဖွဲ့စည်းပုံနဲ့ ကိုက်ညီနေပါတယ်။
ဒါကြောင့် ဒီ ရှေးခေတ် အိမ်မြှောင်ရဲ့ အမြီးဟာ မတော်တဆ ထိခိုက်ပြီး ပြတ်သွားတာထက်၊ အန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် သူ့အမြီးကို ကိုယ်တိုင် ဖြတ်ချန်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆကြပါတယ်။
ရုပ်ကြွင်းကို တွေ့ရှိချိန်မှာ အဲဒီအမြီးဟာ နှစ်ပေါင်းများစွာက စီးဆင်းခဲ့တဲ့ သစ်စေး အလွှာတစ်ခုပေါ်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အမြီးရဲ့ အောက်ဘက် မျက်နှာပြင်ဟာ အဲဒီ သစ်စေး အလွှာနဲ့ ခိုင်ခိုင်မြဲမြဲ ကပ်နေပြီး အရေပြားနဲ့ တခြား ပျော့ပျောင်းတဲ့ တစ်ရှူးတွေဟာလည်း ပြားကပ်နေပါတယ်။ အဲဒီ အမြီးဟာ ပြတ်ထွက်ပြီး မကြာမီ ပျော့ပြောင်းနိုင်စွမ်း ရှိနေသေးတဲ့အချိန်မှာ သစ်စေးထဲ ဝင်ရောက်သွားခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။
အမြီးဟာ သစ်စေးထဲမှာ ဘယ်လို ပိတ်မိသွားခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေ နှစ်မျိုးကို သုတေသီတွေက အဆိုပြုကြပါတယ်။
ပထမ ဖြစ်နိုင်ခြေကတော့ အိမ်မြှောင်ဟာ သစ်စေးထဲမှာ ကပ်မိသွားခဲ့ပြီး အဲဒီကနေ လွတ်မြောက်နိုင်ဖို့ သူ့ရဲ့ အမြီးကို ဖြတ်ချန်ထားခဲ့တာ ဖြစ်နိုင်ပြီး အဲဒီနောက် အမြီးကတော့ သစ်စေးထဲမှာ ကျန်ရစ်ခဲ့တာပါ။
ဒုတိယ ဖြစ်နိုင်ခြေကတော့ သားရဲ တိရစ္ဆာန်တစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံရတဲ့အချိန်မှာ အိမ်မြှောင်ဟာ သူ့အမြီးကို ဖြတ်ချန်ခဲ့တာ ဖြစ်နိုင်ပါတယ်။ အမြီးကို ဖြတ်ချန်လိုက်တဲ့အခါ အဲဒီအမြီးက ဆက်လက် လှုပ်ရှားနေနိုင်ပြီး သားရဲ တိရစ္ဆာန်ရဲ့ အာရုံကို ဆွဲဆောင် ထားပေးချိန်မှာ အိမ်မြှောင်ကတော့ ထွက်ပြေး လွတ်မြောက်ဖို့ အခွင့်အရေး ရရှိသွားတာ ဖြစ်နိုင်ပါတယ်။ အဲဒီနောက် သားရဲ တိရစ္ဆာန်က အမြီးကို ပါးစပ်ထဲကနေ လွှတ်ချလိုက်ရာမှ သစ်စေးပေါ်ကို ကျသွားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
ရှေးခေတ် အိမ်မြှောင်ရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းက အမြီး ဖြတ်ချန်ခြင်းနဲ့ အမြီး ပြန်ပေါက်နိုင်ခြေတို့ရဲ့ ဆက်စပ်မှုကိုလည်း ဖော်ပြနေပါတယ်။
အရင်က တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ် ရုပ်ကြွင်း တချို့မှာလည်း အမြီးကို ကိုယ်တိုင် ဖြတ်ချန်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုတေသီတွေ ယူဆစေတဲ့ လက္ခဏာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အရိုး ဖွဲ့စည်းပုံတွေကိုပဲ လေ့လာရုံနဲ့ အဲဒီလို အပြုအမူမျိုး တကယ် ဖြစ်ပွားခဲ့တယ်ဆိုတာကို အတည်ပြုဖို့ မလုံလောက်ခဲ့ပါဘူး။
အခု တွေ့ရှိထားတဲ့ နမူနာကတော့ ပိုမို ခိုင်မာတဲ့ သက်သေကို ပေးစွမ်းနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမြီးကို ထိန်းချုပ်ပြီး ကိုယ်တိုင် ဖြတ်ချန်တဲ့အခါ ပါဝင် ပတ်သက်တဲ့ ပျော့ပျောင်းတဲ့ ခန္ဓာကိုယ် တစ်ရှူးတွေရဲ့ ဖွဲ့စည်းပုံကိုပါ ရုပ်ကြွင်းက ထိန်းသိမ်းထားနိုင်ခဲ့လို့ ဖြစ်ပါတယ်။
ဒါ့အပြင် သုတေသီတွေက ယနေ့ခေတ် အိမ်မြှောင်တွေမှာလည်း အမြီးကို ကိုယ်တိုင် ဖြတ်ချနိုင်ခြင်းဟာ အမြီး ပြန်လည် ပေါက်လာနိုင်စွမ်းနဲ့ ဆက်စပ်နေတတ်ကြောင်း သတိပြုမိခဲ့ကြပါတယ်။
ဒီလို အမြီး ဖြတ်ချန်နိုင်တဲ့ လက္ခဏာကို ကရက်တေးရှပ်စ် ခေတ် အလယ်ပိုင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၁၀၀ နီးပါးမှာတည်းက ရှိခဲ့ကြောင်း ရုပ်ကြွင်းကတစ်ဆင့် တွေ့ရှိရတာကြောင့် အမြီး ပြန်လည် ပေါက်လာခြင်းနဲ့ သက်ဆိုင်တဲ့ ဇီဝ ဖြစ်စဉ်တွေဟာလည်း အနည်းဆုံး လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်းလောက်ကတည်းက ရှိနေနိုင်တယ်လို့ သုတေသီတွေက ယူဆကြပါတယ်။
ကိုးကား — The Times of India




















































