နိုဝင်ဘာ ၁၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မိုးများပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက စပါးခင်းအချို့ လဲပြိုပျက်စီးတာတွေ ရှိနေကြောင်း တောင်သူတွေက ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်ကတည်းက မိုးဆက်တိုက်ရွာသွန်းပြီး လေပါတိုက်ခဲ့တာကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက စပါးခင်းတွေ ရေဝင်တာ၊ လဲပြိုတာတွေ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိအချိန်ဟာ စပါးအစေ့တည်နေချိန်ဖြစ်ပြီး မိုးများပြီး စပါး အဖျားဝိတ်စီးကာ ပျက်စီးဆုံးရှုံးမှုတွေရှိနေကြောင်း တောင်သူအချို့က ပြောပါတယ်။
“ဘာမှလုပ်လို့မရအောင်ကို လဲသွားပြီ။ ရေထုတ်လို့ရတဲ့သူကတော့ တစ်ဝက်နှုန်းလောက်တော့ ရဦးမှာပေါ့။ ရေထုတ်လို့မရတဲ့သူကတော့ မရနိုင်တော့ဘူး”လို့ အမရပူရမြို့နယ်က စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
လေတိုက်ခတ်မှုမှာ ပုံမှန်မဟုတ်ဘဲ အနောက်လေနဲ့အရှေ့လေပတ်တိုက်နေခြင်းကြောင့် စပါးပင်တွေ ပိုမိုပြိုလဲရခြင်းဖြစ်ကြောင်း တောင်သူတွေကဆိုပါတယ်။
ယခုကဲ့သို့ မိုးလေဒဏ်ကြောင့် စပါးစိုက်တောင်သူတွေအနေဖြင့် ရာသီဥတုအခြေအနေအပေါ် မူတည်ကာ တတ်နိုင်သမျှ ရေထုတ်ယူနိုင်ဖို့ ကြိုးပမ်းနေကြပေမဲ့ အချို့ဒေသတွေမှာ ရေထုတ်ဖို့ ခက်ခဲနေကြောင်း သိရပါတယ်။
နိုဝင်ဘာလ ၉ ရက်ကနေ ၁၁ ရက်အထိ အရှေ့ဘက်မှလာသော လေပွေလှိုင်းအရှိန်ကြောင့် တနင်္သာရီ၊ ကချင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီး စစ်ကိုင်း၊ မန္တလေ၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ဧရာဝတီ၊ ရှမ်းပြည်၊ ချင်းပြည်၊ အာရက္ခပြည်နဲ့ ကရင်ပြည်တို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်း၊ မန္တလေး၊ မကွေး ပဲခူး၊ ဧရာဝတီနဲ့ ရှမ်းပြည်တို့မှာနေရာကွက်ပြီး မိုးကြီးနိုင်ပြီး အချိန်အခါမဟုတ် မိုးများရွာသွန်းမှုတွေကြောင့် မိုးလေဝသတိရှိမှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ကြိုတင်သတိပြုနိုင်ဖို့ NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။





















































