နိုဝင်ဘာ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
G7ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်ကို ကြိုဆိုကြောင်းနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်ပေါ်ရေး တိုက်တွန်းကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)က ဒီကနေ့ နိုဝင်ဘာ ၁၄ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့စက်မှုထွန်းကားပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီး ၇ နိုင်ငံအဖွဲ့(Group of Seven-G7) နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံအပြီး ပူးတွဲ ထုတ်ပြန်ချက်မှာ မြန်မာ့အရေးဆိုင်ရာနဲ့ပတ်သက်တဲ့ G7 ရဲ့ တောင်းဆိုချက် ပါရှိတဲ့အပေါ် SCEFက အခုလို ကြိုဆိုကြောင်း ဖော်ပြခဲ့တာပါ။ G7 ညီလာခံကို နိုဝင်ဘာ ၉ ရက်နေ့တုန်းက ပါရီမြို့တော်မှာ ကျင်းပခဲ့တာပါ။ အဲဒီ အစည်းအဝေးကို ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးတွေ၊ဥရောပသမဂ္ဂ(EU)က စေလွှတ်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
G7 နိုင်ငံခြားရေးဝန်ကြီးများရဲ့ အစည်းအဝေးဟာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချက်ချင်းလျှော့ချရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ဝင်ရောက် နိုင်ရေးနဲ့ မြန်မာပြည်သူများရဲ့ ဆန္ဒသဘောထားကို ထင်ဟပ်စေသော စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်ရေး တောင်းဆိုထားမှုကို ကြိုဆိုကြောင်း SCEF ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Public Service Announcement
SCEF အနေနဲ့ G7 နိုင်ငံတွေအနေနဲ့ မြန်မာစစ်အာဏာပိုင်များနဲ့ ဆက်ဆံရေးကို အချိန်မတိုင်မီ ပုံမှန်ပြန်လည် ထူထောင်ခြင်းမပြုဖို့၊ လက်ရှိ ဖော်ဆောင်လျက်ရှိသည့် ပြည့်စုံလွှမ်းခြုံသော နိုင်ငံရေးအသွင်ကူးပြောင်းမှု မူဘောင် (Comprehensive Political Transition Framework) ရေးဆွဲရေးလုပ်ငန်းစဉ်တွင် SCEFနဲ့ ထိတွေ့ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
အဲဒီမူဘောင်ဟာ အရပ်သားပြည်သူများကို ကာကွယ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးအတွက် လက်ငင်းဆောင်ရွက်ရမယ့် အစီအမံများကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်သို့ ဦးတည်တဲ့ အားလုံးပါဝင်သော နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ ချိတ်ဆက်ဖော်ဆောင်ထားခြင်းဖြစ်ကြောင်းလည်း အသိပေးပါတယ်။
G7 အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ SCEF နဲ့ အတူ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်များ ချမှတ်နိုင်ရေးကူညီပံ့ပိုးပေးဖို့ SCEF က ဖိတ်ခေါ်ထားပါတယ်။




















































