နိုဝင်ဘာ ၁၄၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက တပ်စခန်းတွေ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ်အပါအဝင် ရမ်းဗြဲကျွန်းကိုသွားရာ လမ်းပေါ်ရှိ တံတားကြီး ၄စင်းကို ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်မနက် အစောပိုင်းမှာ မိုင်းခွဲ၊ ဗုံးကြဲ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တွေကနေ မအီ၊ တောင်ကုတ်၊ အမ်းမြို့နယ်တွေ သွားရာလမ်းပေါ် သံဇစ်မြစ်နဲ့ ချောင်း လက်တက်တွေမှာ ထိုးထားတဲ့ တံတားတွေဖြစ်တဲ့ သဇင်တန်ပေါက်၊ သံသမချေ(သံသမငယ်)၊ မင်းကြောင်းချောင်း၊ သံသမကြီး စတဲ့တံတားတွေကို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
“သဇင်တန်ပေါက်၊ သံသမကြီးတံတားတွေကို မိုင်းခွဲပစ်တာ။ ညဘက် ရေကြောင်းကဝင်ပြီး ခိုးကြောင်ခိုးဝှက် မိုင်းခွဲ ပစ်ခဲ့တာ။ ကျန်တဲ့တံတားတွေကိုတော့ လေကြောင်းက ဗုံးကြဲတာပါ၊ Y12 နဲ့ ချတာ”လို့ အမ်းမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ကျောက်ဖြူမြို့နယ်အတွင်းက မြို့ပေါ်နဲ့ ရေတပ်စခန်းအနီးဝန်းကျင်နေရာအချို့ကိုသာ ထိန်းချုပ်နိုင်တော့တဲ့ စစ်တပ်ဟာ သံဇစ်မြစ်အတိုင်း ရေကြောင်းကနေ ရောက်လာပြီး မိုင်းထောင် ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီတံတားတွေရဲ့ ပျက်စီးမှုအခြေအနေအသေးစိတ်ကို မသိရသေးပေမယ့် ဆိုးဆိုးရွားရွားပျက်စီး သွားခဲ့တယ်လို့ ကြားသိရကြောင်း အမ်းဒေသခံက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့လတွေကလည်း ရမ်းဗြဲ – မအီလမ်းပေါ်ရှိ အကြီးဆုံးတံတားဖြစ်တဲ့ မင်းကြောင်းချောင်းတံတားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးမှုရှိခဲ့ပါတယ်။
မအီကနေ ရမ်းဗြဲမြို့ကြားမှာ အခုဖျက်ဆီးခံရတဲ့ မင်းကြောင်းချောင်း၊ သံသမကြီး၊ သဇင်တန်ရပေါက်စတဲ့တံတားတွေအပါအဝင် တံတား ၈စင်းတည်ရှိပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီအတွင်းကလည်း တောင်ကုတ် မြို့နယ် မအီမြို့မှ ထွက်ပြေးစဉ် မအီတံတား၊ ကျောက်ကြီးပေါက်တံတားတို့ကို မိုင်းခွဲဖျက်ဆီးခဲ့သေးပါတယ်။
စစ်တပ်က အခု ဖျက်ဆီးခဲ့တဲ့ တံတားတွေဟာ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တို့တည်ရှိတဲ့ ရမ်းဗြဲကျွန်းနဲ့ တောင်ကုတ်၊ အမ်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တို့ကြား ဆက်သွယ်ရာလမ်းပေါ်ရှိ အဓိကအရေးပါတဲ့ တံတားတွေဖြစ်ပြီး တံတားတွေ ကျိုးပျက်သွားတဲ့အတွက် ဒေသတွင်း စားနပ်ရိက္ခာ၊ ဆေးဝါး အခက်အခဲတွေနဲ့ ကြုံလာရနိုင် တယ်လို့ ဆိုပါတယ်။
” ရမ်းဗြဲကျွန်းမှာ ဆန်လည်းမထွက်ဘူး။ အကုန်လုံး မြောက်ပိုင်းကဝယ်ရတာ၊ ဆန်တွေ၊ ဆီတွေ၊ ဆေးတွေ အကုန် မြောက်ပိုင်းကို အားကိုးနေရတာ။ အခုလိုဖြစ်သွားတော့ ခရီးစရိတ်တွေ ပိုကုန်မယ်၊ စျေးတွေလည်း တက်မယ်။ တံ တားတွေ အမြန်ဆုံးပြုပြင်နိုင်ရင်တော့ ကောင်းတာပေ့ါ” လို့ ရမ်းဗြဲမြို့နယ်မှ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
စစ်တပ်ဟာ ရမ်းဗြဲနဲ့ မအီမြို့ကြားတံတား ၄ စင်းကို ဖျက်ဆီးခဲ့သလို ဒီကနေ့တစ်ရက်တည်း မင်းပြားမြို့နယ်နဲ့ ပေါက်တောမြို့နယ်အစပ်မှာရှိတဲ့ စွန်ရဲတံတားကိုလည်း ဗုံးကြဲဖျက်ဆီးခဲ့တာကြောင့် ကားတွေသွားလာလို့မရတဲ့ အခြေအနေဖြစ်သွားခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အများပြည်သူတွေအသုံးပြုနေတဲ့ တံတားတွေကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေတာဖြစ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ကလည်း စစ်တွေ – ရန်ကုန် အာရှလမ်းမ ကြီးပေါ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အကြားရှိ ယိုးချောင်းတံတားကို စစ်တပ်က ဗုံးကြဲဖျက်ဆီးခဲ့ရာ တံတား တစ်ခုလုံး ကျိုးပြတ်ကာ လုံး၀ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ကလည်း စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် စစ်တွေမြို့နယ် မင်းချောင်းတံတားကို စစ်တပ်က ဖျက်ဆီးခဲ့ပါတယ်။
အခုလို တံတားတွေကို ဖျက်ဆီးတာဟာ အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်နေတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့ဆီ AA က စစ်ကူ၊ ရိက္ခာ၊ လက်နက်တွေ မပို့နိုင်စေရေးအတွက် ရည်ရွယ်ချက်ရှိရှိဖျက်ဆီးတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ရဲ့ တံတားတွေချိုးဖျက်တာကြောင့် AA အပေါ် ထိခိုက်မှုမရှိဘဲ ဒေသခံအရပ်သားပြည်သူတွေအပေါ်မှာပဲ ထိ ခိုက်မှုရှိမှာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်တပ်ဘက်က အထိနာနေကာ ရေကြောင်း၊ လေကြောင်းပစ်ကူအများအပြားပေးနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာ အခုရက်ပိုင်းမှာ ရခိုင်ပြည်နယ်က စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊ အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်ရှိ လာပြီး အဲဒီလုပ်ရပ်တွေဟာ အင်မတန်အောက်တန်းကျယုတ်မာတဲ့လုပ်ရပ်တွေဖြစ်ကာ ပါဝင်သူတယောက်ချင်း ကို လက်တုံ့ပြန်သွားမယ် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်ထိ ၂လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၃၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၄၆ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ကတော့ မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကို အာရက္ခပြည်သူတွေလက်ထဲသို့ မကြာခင်ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။




















































