Connect with us

Hi, what are you looking for?

သတင်း

ဂျိုရှုအာဗန်ကို (၃) ချီအတွင်းအလဲထိုးမယ်လို့ မာနယ်ကိပ် ဆို၊ ချန်ပီယံခါးပတ် လိုချင်တာလား မရနိုင်သေးဘူးလို့ ဗန် ချေပ

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန်ကို (၃) ချီအတွင်း အလဲထိုးအနိုင်ယူပြီး ချန်ပီယံအသစ်ဖြစ်လာမယ်လို့ ပေါ်တူဂီဖိုက်တာ မာနယ်ကိပ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Photo - UFC

နိုဝင်ဘာ-၁၄၊၂၀၂၆။သုည/People’s Spring

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန်ကို (၃) ချီအတွင်း အလဲထိုးအနိုင်ယူပြီး ချန်ပီယံအသစ်ဖြစ်လာမယ်လို့ ပေါ်တူဂီဖိုက်တာ မာနယ်ကိပ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

UFC 336 ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဒီကနေ့ (နိုဝင်ဘာ ၁၄) မနက်အစောပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဂျိုရှုအာဗန်ကတော့ အမေရိကန်နိုင်ငံရဲ့ လေကြောင်းလိုင်း ချို့ယွင်းမှုကြောင့် ပွဲကို နာရီဝက်နောက်ကျပြီးမှ ရောက်လာခဲ့ပါတယ်။

ဗန်ရဲ့ နောက်ကျမှုအပေါ် မာနယ်ကိပ်က အခွင့်ကောင်းယူပြီး ချန်ပီယံခါးပတ်ကို ၎င်းရဲ့ စားပွဲပေါ် ယူတင်ခဲ့တဲ့အပြင် ဗန့်ကို မျက်နှာချင်းဆိုင်တွေ့ဖို့ ယုံကြည်မှု မရှိဘူးလားလို့ စိန်ခေါ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ဗန်ထက် ကျုပ်က အဆတစ်ထောင် သူ့ထက် ၁၀ ပြန်ပိုကောင်းတယ်။ ဘယ်အပိုင်းမှာဖြစ်ဖြစ် ကျုပ်က သူ့ထက် ၁၀ ဆ ပိုကောင်းတယ်။ ဇန်နဝါရီ ၃၁ ရက်မှာ တန်းချင်းမတူတာ ပြမယ်။ ဇန်နဝါရီ ၃၁ ရက်မှာ (ဗန်) သူ့ကို အလဲထိုးမယ် အမှောက်သိပ်မယ်။ ၃ ချီအတွင်းမှာပဲ” လို့ မာနယ်ကိပ်က ဆိုပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲနောက်ကျတဲ့ ဗန်ကို ဘာပြောချင်လဲ ဆိုတဲ့ မေးခွန်းကိုလည်း “ဘာမှပြောစရာ မရှိပါဘူး။ သူမှ မရှိတာ။ ကျုပ်ကို မျက်နှာချင်းဆိုင်ဖို့ သူ့မှာ ယုံကြည်မှုမရှိတာပဲ။ ဒါပေမယ့် ဇန်နဝါရီ ၃၁ ရက်ကျ တိုရွန်တိုမှာ ဒီကိစ္စကို ကိုင်တွယ်ပြမယ်။ သူနဲ့တွေ့ရင် အာရုံစိုက်ကစားသွားမယ်။ ချန်ပီယံအသစ်ဖြစ်လာမှာ ကျုပ်ပဲ။ ခါးပတ်က အခုကျုပ့်ဆီမှာ ခါးပတ်လာယူဖို့ သူ့ကို ပြောလိုက်ဦး” လို့ မာနယ်ကိပ်က ပြောခဲ့ပါတယ်။

ဂျိုရှုအာဗန်ကတော့ ကစားသမားချင်း မျက်နှာချင်းဆိုင်တဲ့ Face-Offs အစီအစဉ်မှာ ရောက်လာပြီး မာနယ်ကိပ်ကို အလဲထိုးမယ်လို့ ပြောခဲ့တဲ့အပြင် ခါးပတ်လိုချင်တာလား၊ မရနိုင်သေးဘူးလို့ ပြန်ချေပခဲ့တဲ့အတွက် ပရိသတ်အကြိုက် ပွဲဆူစေခဲ့ပါတယ်။

၎င်းရဲ့ခါးပတ်ကို မာနယ်ကိပ် လုယူသွားတဲ့အပေါ် ဘာမှမခံစားရကြောင်း၊ သူသာ ရှိနေရင် လုပ်ရဲမှာ မဟုတ်ကြောင်းနဲ့ ပွဲအမြန်ထိုးဖို့ကိုပဲ မျှော်လင့်နေကြောင်း ဂျိုရှုအာဗန်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

“ကျွန်တော်ဘာမှမခံစားရပါဘူး။ အဲဒီ့အချိန် ကျွန်တော် အဲ့မှာ မရှိနေလို့ပါ။ ကျွန်တော်သာ အဲ့မှာရှိနေရင် သူ အဲ့လိုလုပ်ရဲမှာ မဟုတ်ပါဘူး။ ဒီတော့ ဘာမှပြောစရာမရှိဘူး။ ကျွန်တော်ကတော့ ပွဲအမြန်ထိုးရဖို့ကိုပဲ မျှော်လင့်ထားတယ်။ ဒါတွေက အာရုံထွေပြားစေတဲ့ ဆူညံသံတွေ သက်သက်ပါပဲ” လို့ ဗန်က ဆိုပါတယ်။

UFC ဖလိုင်းဝိတ်တန်းမှာ ဂျိုရှုအာဗန်မှာ လက်ရှိချန်ပီယံဖြစ်ပြီးတော့ စိန်ခေါ်သူ ပေါ်တူဂီဖိုက်တာ မာနယ်ကိပ်မှာလည်း အဆင့် (၁) နေရာ သတ်မှတ်ခံထားရသူ ဖြစ်လို့ ၎င်းတို့နှစ်ယောက်ရဲ့ ပွဲစဉ်ကို ပရိသတ်အားလုံးက စိတ်ဝင်စားနေကြပါတယ်။

ဂျိုရှုအာဗန်နဲ့ မာနယ်ကိပ်တို့ဟာ UFC-336 ပြိုင်ပွဲရဲ့ အဓိကခေါင်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပြီး UFC-336 ပြိုင်ပွဲကို ကနေဒါနိုင်ငံ၊ တိုရွန်တို မြို့ရှိ Scotiabank Arena မှာ ကျင်းပပြုလုပ်မှာ ဖြစ်ရာ ဗန်အတွက် ပထမဆုံး အမေရိကန်နိုင်ငံပြင်ပမှာ ထိုးသတ်မယ့်ပွဲလည်း ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် မာနယ်ကိပ်ဟာ ‌MMA ပြိုင်ပွဲတလျှောက် ပွဲ ၃၀ ထိုးသတ်ထားပြီး ၂၃ ပွဲနိုင်ကာ ၇ ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ကိပ် ဟာ ပြီးခဲ့တဲ့ ဇွန်လက နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲစဉ်မှာလည်း ဂျပန်ဖိုက်တာ ဟီရိုဂူချီကို အလဲထိုးအနိုင်ရထားပါတယ်။

ဗန်ကတော့ စက်တင်ဘာလအတွင်းက နောက်ဆုံးထိုးသတ်ခဲ့တဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ပြိုင်ဘက် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။

ဂျိုရှူအာဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့ပြီးနောက် ချန်ပီယံကာကွယ်ပွဲ နှစ်ကြိမ်ထိုးသတ်ရာ စိန်ခေါ်သူ တက်ဆူရိုနဲ့ ပန်တိုဂျာတို့ကို အနိုင်ရကာ နှစ်ကြိမ်တိုင် ချန်ပီယံခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့ပါတယ်။ မာနယ်ကိပ်နဲ့ ပွဲစဉ်ဟာ ဗန်အတွက် တတိယမြောက် ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်မှာပဲ ဖြစ်ပါတယ်။

အသက် ၂၄နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၂ ပွဲအထိ ထိုးသတ်ထားပြီး ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားပါတယ်။

ဗန်ဟာ မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့ အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့ ဗန်ဟာ UFC ပြိုင်ပွဲ အောင်ပွဲခံတိုင်း မြန်မာအလံနဲ့ အတူ အောင်ပွဲခံလေ့ရှိသူလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ