နိုဝင်ဘာ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် နဲ့ ဖာပွန်ခရိုင်က အရပ်သား ပြည်သူနေထိုင်ရာရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့ကြောင်း KNU/KNLAက သတင်းထုတ်ပြန်ပါတယ်။
KNU ဖာပွန်(မူတြော်)ခရိုင် ဘူးသိုမြို့နယ် မယ်ခူခီးကျေးရွာကို စစ်တပ်က နိုဝင်ဘာ ၁၁ရက် ညသန်းခေါင်မှာ လေယာဉ်နဲ့ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူနေအိမ် ၂လုံးနဲ့ ဥယျာဉ်ခြံ၊ စိုက်ပျိုးပင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
အလားတူ KNU မြိတ်ထားဝယ်ခရိုင် ကစယ်ဒို(သရက်ချောင်း)မြို့နယ်ကိုလည်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့လို့ ပြည်သူ့နေအိမ်တွေ ပျက်စီးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အသိပေးထားပါတယ်။နိုဝင်ဘာ ၁၂ရက် နေ့လည်ပိုင်းမှာ သရက်ချောင်းမြို့နယ် ဝင်း၀အခြေစိုက် စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးအများအပြား ပစ်ခတ်ခဲ့တာကြောင့် ရငဲရွာက ပြည်သူ့ နေအိမ် ၅လုံး ပျက်စီးခဲ့ရတာလို့ ဖော်ပြထားပါတယ်။

Public Service Announcement
စစ်တပ်ရဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးထိခိုက်မရှိခဲ့ပေမဲ့ ကျေးရွာအတွင်းက ပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KNU နယ်မြေ အတော်များများကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာ၊ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။ KNU တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ(၅) ဖာပွန်ခရိုင်နဲ့ တပ်မဟာ(၆) ဒူးပလာယာခရိုင်တွေမှာ စစ်တပ်က လက်နက်ကြီး လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း KNU က အသိပေးထုတ်ပြန်ထားပါတယ်။




















































