Connect with us

Hi, what are you looking for?

သတင်း

ပေါက်တော-မင်းပြားအစပ်ရှိ စွန်ရဲတံတားကို စစ်တပ်က ဗုံးကြဲဖျက်ဆီး

ရခိုင်လက်ကျန်မြို့တွေကို AA တိုက်ခိုက်နေချိန် စစ်တပ်ကတံတားတွေကို တစ်စင်းပြီးတစ်စင်းဗုံးကြဲဖျက်ဆီး

(စစ်တပ်ဗုံးကြဲပြီးနောက် စွန်ရဲတံတား ပျက်စီး​နေမှုမြင်ကွင်း။ဓါတ်ပုံ-One Nations News)

နိုဝင်ဘာ-၁၄၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်နဲ့ ပေါက်တောမြို့နယ်အစပ်ရှိ မင်းပြားမြို့နယ် စွန်ရဲတံတားကို အာဏာသိမ်းစစ်တပ်ကဒီနေ့ မနက်အစောပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲဖျက်ဆီးခဲ့တာကြောင့် တံတားအသုံးပြုမရတော့ဘဲပျက်စီးသွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက် မနက် ၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပေါင်ငါးရာ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တံတားပေါ် ဗုံးတစ်လုံးနဲ့ တံတားအောက်ဘက် စက်လှေဆိပ်မှာ တစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

“တံတားမှာအပေါက်ကြီးဖြစ်သွားတယ်။ ကားတွေ သွားလို့မရတော့ဘူး။ ဆိုင်ကယ်လောက်ပဲ ရတော့မယ်။ ဒီတံတားကကားတွေသွားလို့မရရင်ပေါက်တောမြို့နယ်ကလူတွေအတွက် တော်တော်အခက်အခဲဖြစ်သွားမှာ။ စားနပ် ရိက္ခာတွေအကုန်လုံး မင်းပြားဘက်ကပဲတဆင့် ဝယ်ကြရတာလေ” လို့ စွန်ရဲဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာအများပြည်သူတွေအသုံးပြုနေတဲ့ တံတားတွေကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၁ ရက်နေ့ကလည်းစစ်တွေ- ရန်ကုန်အာရှလမ်းမကြီးပေါ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အကြားရှိ ယိုးချောင်းတံတားကိုစစ်တပ်ကဗုံးကြဲဖျက်ဆီးခဲ့တာ​ကြောင့် တံတားတခုလုံး ကျိုးပြတ်ကာ လုံး၀ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင်ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တွေနဲ့ မအီ၊ အမ်း၊ တောင်ကုတ်စတဲ့မြို့နယ်တွေဆီ ဆက်သွယ်ထားတဲ့မင်းကြောင်းချောင်းတံတားကိုလည်း စစ်တပ်က မကြာခဏ ဗုံးကြဲဖျက်ဆီးနေပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကလည်း စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် စစ်တွေမြို့နယ် မင်းချောင်းတံတားကို စစ်တပ်က ဖျက်ဆီးခဲ့ပါတယ်။

ဒါဟာ အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်နေတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့ဆီ AA က စစ်ကူ၊ ရိက္ခာ၊ လက်နက်တွေ မပို့နိုင်စေရေးအတွက် ရည်ရွယ်ချက်ရှိရှိဖျက်ဆီးတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြော ပါတယ်။

“ရခိုင်မှာ AA ကိုတံတားတွေဘယ်လောက်ပဲဖျက်ဖျက် ဘာမှထူးမှာမဟုတ်ဘူး။စက်လှေနဲ့ သွားလည်းရတယ်။ရေကူးသွားလည်းရတယ်။ ေ ွး ထက်ယုတ်တဲ့ကောင်တွေပါ၊ ဘယ်လောက်ပဲ စစ်ရေးအရ ဖျက်တယ်ဆိုဆို ပြည် သူတွေကို ဒုက္ခရောက်အောင်လို့ ဖျက်တာပဲဖြစ်တယ်” လို့ ပေါက်တောမြို့နယ်မှ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

လက်ရှိမှာ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်တပ်ဘက်က အထိနာနေကာ ရေကြောင်း၊ လေကြောင်းပစ်ကူအများအပြားပေးနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကနိုဝင်ဘာ ၁၃ ရက်နေ့ညပိုင်းကလည်းပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလစစ်ဘေးရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာရသူ ၁၈ ဦးထက်မနည်း ရှိနေပြီး ဒဏ် ရာပြင်းထန်သူတွေ ထပ်ရှိနေတယ်လို့ မြေပြင်ကူညီရေးအဖွဲ့တွေက ​ပြောပါတယ်။

စစ်တပ်ဟာ အခုရက်ပိုင်းမှာ အာရက္ခပြည်ထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊ အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်ရှိ လာပြီး အဲဒီလုပ်ရပ်တွေဟာ အင်မတန်အောက်တန်းကျယုတ်မာတဲ့လုပ်ရပ်တွေဖြစ်ကာ ပါဝင်သူတယောက်ချင်း ကို လက်တုံ့ပြန်သွားမယ် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၁၃ ရက်နေ့ထိ နှစ်လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် ရခိုင်ပြည်နယ်မှာသေဆုံးခဲ့တဲ့​ပြည်သူ ၁၃၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၄၆ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ကမပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကို အာရက္ခပြည်သူတွေလက်ထဲသို့ မကြာခင်ပေးအပ်သွားမယ်လို့ ရခိုင်ပြည်နယ်မှာ ၁၀၂၇ စစ်ဆင်​ရေးစတင်တာ ၃ နှစ်ပြည့်နှစ်ပတ်လည်မှာ ​ကြေညာပါတယ်။

ဆက်စပ်သတင်းများ