နိုဝင်ဘာ ၁၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရွှေကျင်နေတဲ့ ပြည်သူတွေကို အာဏာသိမ်း စစ်တပ်က ပစ်ခတ်တိုက်ခိုက်လို့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပါတယ်။
နိုဝင်ဘာ ၁၂ ရက်က ရေဦးမြို့ အရှေ့ဘက်မူးမြစ်အနောက်ဘက်ကမ်းရောက်ရှိနေတဲ့ အာဏာသိမ်းစစ်တပ်က မူးမြစ် အရှေ့ဘက်မှာ ရွှေကျင်နေတဲ့ ပြည်သူတွေကို လက်နက်ငယ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ခင်ဦးမြို့နယ် အနောက်ခြမ်း ယာတော်ကျေးရွာကနေ ရွှေလာကျင်တဲ့ အသက် ၂၉ နှစ်အရွယ် မယမင်းသူနဲ့ အသက် ၃၅ နှစ်အရွယ် မဝါဝါမိုးတို့ ၂ ဦး ကျည်ထိမှန်ခဲ့ကာ မယမင်းသူမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး မဝါဝါမိုးကတော့ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Public Service Announcement
“အချက်ပေါင်း များစွာနဲ့ ရမ်းပစ်ခဲ့တာ အကုန်မှန်အောင်။ ပထမက နှစ်ချက်လောက်ပဲ စပစ်ခဲ့တာလို့ သိရပါတယ်။ ရွှေလာကျင်တာက ပြည်သူ သုံးဆယ်၊ လေးဆယ် လောက်ရှိကြတယ်။ တောင်ယာလုပ်ငန်းတွေ အဆင်မပြေကြတော့ လုပ်စားကြရတော့တာပါ”လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်က ပစ်ခတ်လို့ ရွှေကျင်တဲ့ပြည်သူတွေလည်း ထွက်ပြေးခဲ့ရပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်းက ရွှေမျောလုပ်ကိုင်သူတွေကိုလည်း မကြာခဏ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး အောက်တိုဘာ ၅ ရက်ကလည်း ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။




















































