နိုဝင်ဘာ-၁၄၊၂၀၂၆။People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ၊ SCEFရဲ့ အကြီးတန်း အကြံပေးတစ်ဦးဖြစ်သူ ဒေါ်မေဦးမူတြာတို့ဟာပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒေါ်ဇင်မာအောင်နဲ့အတူ တော်လှန်ရေး တပ်ပေါင်းစု ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (SCEF)ရဲ့ အကြီးတန်း အကြံပေး တစ်ဦးဖြစ်သူ ဒေါ်မေဦး မူတြာတို့ဟာ နိုဝင်ဘာ ၁၂ ရက်နေ့က ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆီ သွားရောက်ခဲ့တာပါ။သူတို့နှစ်ဦးဟာပါရီငြိမ်းချမ်းရေး ဖိုရမ်နဲ့ တခြားဆက်စပ် အခမ်းအနားတွေမှာ တက်ရောက်ဖို့ ပြင်သစ်ကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ် ။
ဒါ့အပြင် ဒေါ်ဇင်မာအောင်ဟာ နိုဝင်ဘာ ၁၁ ရက်တုန်းက အဲလီဇေး နန်းတော်မှာ သမ္မတ အီမန်နျူရယ်လ် မာခရွန် တည်ခင်းတဲ့ ညစာစားပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

Public Service Announcement
အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်က နိုင်ငံတကာ တရားဝင်မှု ရရှိဖို့အတွက် သံတမန်ရေး လှုပ်ရှားမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာပဲ NUGဖက်ကလည်း အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးမြှင့်နိုင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တွေ့ဆုံပွဲရဲ့ ရည်ရွယ်ချက်ဟာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အင်အားစုတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေထက် ကျော်လွန်တဲ့ နိုင်ငံရေး အသိအမှတ်ပြုမှုနဲ့ တခြား အထောက်အပံ့တွေ ပိုမိုရရှိစေဖို့ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့တရားဝင်မှုကို ငြင်းပယ်ထားတဲ့ ပြင်သစ်အစိုးရဟာNUGရဲ့ နိုင်ငံခြားရေး ဝန်ကြီးအဆင့် အရာရှိကို တရားဝင် ဖိတ်ကြား တွေ့ဆုံခြင်းဟာ သံတမန်ရေး ရှုထောင့်ကကြည့်ရင် ထူးခြားတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။
ပါရီ ငြိမ်းချမ်းရေး ဖိုရမ်မှာ ဒေါ်ဇင်မာအောင်ဟာ Myanmar: The War the World Has Forgottenဆိုတဲ့ ဆွေးနွေးမှု အစီအစဉ်အတွက် ပါဝင်ခဲ့ပြီး အဲဒီနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက်ခဲ့တာပါ။
ဒေါ်ဇင်မာအောင်က လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေ၊ တိုင်းရင်းသားမဟာမိတ်တွေနဲ့ဘုံသဘောတူညီချက်ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး စတဲ့အကြောင်း အရာဆွေကိုဆွေးနွေးခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ် ။
ဒေါ်ဇင်မာအောင်ဟာ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်ပါတယ် ။
ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာတော့ ဒေါ်ဇင်မာအောင်နဲ့ ဒေါ်မေဦးမူတြာတို့ဟာ ပြင်သစ် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတီယန် လက်ချ်ဗရီ ဦးဆောင်တဲ့ အရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ကိုးကား-Intelligence Online၊PVTV ၊NUG




















































