နိုဝင်ဘာ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်တွေဟာ ပြည်သစ်နိုင်ငံသွားရောက်ပြီး ပါရီငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့ကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး ခရီးစဉ်မှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ၊ တီမောသမ္မတကို တွေ့ဆုံတာ ပြုလုပ်ခဲ့ဟု အသိပေးထားပါတယ်။
နိုဝင်ဘာ ၁၀ရက်နဲ့ ၁၁ရက်တွေက ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ ဖိုရမ်ရဲ့ “Setting Sail for COP1” ခေါင်းစဥ်ဖြင့်ဆွေးနွေးပွဲကို SCEF အတွင်းရေးမှူးအဖွဲ့ဝင် အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နည်းပညာနဲ့ မူဝါဒအကြံပေး နော်မေဦး(မေဦး-မူတြော်) တို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ဖိုရမ် ကျင်းပစဉ်ကာလအတွင်း Forum ဆက်စပ်အစည်းအဝေးတွေအပြင် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ မီဒီယာများနဲ့ တွေ့ဆုံတာ၊ ပြင်သစ်ရောက်မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံတာ၊ လက်ရှိဖြစ်ပေါ်လျက်ရှိသော မြန်မာ့ နွေဦးတော်လှန်ရေး အခြေအနေများနဲ့ SCEF ရဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေကို မဆဝေခဲ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement
ဆွေးနွေးပွဲကို တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ José Ramos-Horta နဲ့ မောရစ်ရှပ်နိုင်ငံ ဝန်ကြီးချုပ် Navinchandra Ramgoolam တို့ ပါဝင်ဆွေးနွေးခဲ့ကြပြီး ပြင်သစ်နိုင်ငံရဲ့ Francophonie၊ နိုင်ငံတကာမိတ်ဖက်ဆက်ဆံရေးနဲ့ ပြင်သစ်နိုင်ငံသားများဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Éléonore Caroit၊ ပင်လယ်ရေကြောင်းနဲ့ ငါးလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Catherine Chabaud တို့လည်း တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ပါတယ်။
ဆွေးနွေးပွဲပြင်ပ သီးခြားတွေ့ဆုံမှုတစ်ရပ် အဖြစ် ဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ မြန်မာပြည်သူများနဲ့ အတူ ရပ်တည်ကာ နှစ်ပေါင်းများစွာ အစဉ်တစိုက် ထောက်ခံအားပေးခဲ့တဲ့ တီမောသမ္မတနဲ့လည်း တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
SCEF ကိုယ်စားလှယ်တွေဟာ ကိုရီးယား၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေကို သွားရောက်ပြီး သံတမန်ရေးရာ ပိုအားကောင်းရေးလုပ်ငန်းစဉ်တွေဆောင်ရွက်နေသလို ပြည်ပရောက်မြန်မာတွေနဲ့ တွေ့ဆုံပြီး SCEF စုဖွဲ့မှုနဲ့ လုပ်ငန်းဆောင်ရွက်မယ့် အစီအစဉ်တွေကို ရှင်းလင်းပြောကြားတာတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။




















































