နိုဝင်ဘာ-၁၄၊ ၂၀၂၆။ People’s Spring
အာဆီယံတူညီဆန္ဒ ၅ရပ်အောက်ကနေ မြန်မာ့အရေးချဥ်းကပ်မှုအပေါ် လျှော့ပေါ့ပေးမှာမဟုတ်ကြောင်း အလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
နိုဝင်ဘာ ၁၅ရက်မှာ စတင်မယ့် ၄၉ ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမတိုင်မီ ဒီနေ့ နိုဝင်ဘာ ၁၄ရက် ညနေပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်က ပြောဆိုသွားတာပါ။
အာဆီယံရဲ့အဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ပါဝင်မှုနဲ့ပတ်သက်လို့ အဆိုပြုချက်တွေကို ဆွေးနွေးဆဲဖြစ်ပေမယ့် အာဆီယံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ တူညီဆန္ဒ ၅ရပ်(Five-Point Consensus)မှာ တည်ရှိနေဆဲဖြစ်တယ်လို့ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက ပြောပါတယ်။

Public Service Announcement
တူညီဆန္ဒ ၅ရပ်ဆိုတာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ အဓိက မူဘောင်တစ်ခု ဖြစ်ပါတယ်။ ဒီမူဘောင်ထဲမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ စတင်ဖို့၊ အာဆီယံဘက်က ကြားဝင်စေ့စပ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ အချက်တွေ ပါဝင်ပါတယ်။
လက်ရှိမှာ အဲဒီတူညီဆန္ဒ ၅ရပ်အပေါ် ပြန်လည်သုံးသပ်ထားတဲ့ မူကြမ်းကို ညှိနှိုင်းနေဆဲ ဖြစ်ပြီး အဆိုပြုချက် အများအပြားကို အာဆီယံခေါင်းဆောင်တွေဆီ တင်ပြသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မနက်ဖြန် စတင်မယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာ့အရေးက အဓိက ဆွေးနွေးရမယ့် ခေါင်းစဥ်အဖြစ် သတ်မှတ်ထားပါတယ်။
ဒီနေ့ ညနေပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မြန်မာစစ်တပ်ခေါင်းဆောင်အပေါ် ကန့်သတ်ထားတာကို ပြင်ဆင်လျှော့ပေါ့ပေးတာမျိုး ဖြစ်လာနိုင်သလားလို့ မေးမြန်းမှုနဲ့ပတ်သက်လို့ အထူးကိုယ်စားလှယ် လာဇာရိုက “ပွင့်ပွင့်လင်းလင်း ပြောရရင် ဘာမှ လျှော့ပေါ့ပေးတာ မရှိပါဘူး။ တူညီဆန္ဒ ၅ရပ်က ဆက်လက်တည်ရှိနေဆဲပါ”လို့ ဖြေကြားခဲ့ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အာဏာသိမ်းစစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးကို ပါဝင်တက်ရောက်ခွင့်ပြုဖို့ ထိုင်းနိုင်ငံက တောင်းဆိုထားတယ်လို့ သိရပါတယ်။ အဲဒီတောင်းဆိုမှုနဲ့ပတ်သက်လို့ မေးမြန်းမှုအပေါ် လာဇာရိုက ဒီကိစ္စကို ဆွေးနွေးနေဆဲ ဖြစ်ပေမယ့် ဘာဆုံးဖြတ်ချက်မှ မချရသေးဘူးလို့ ဖြေကြားပါတယ်။
“ဒီအဆိုပြုချက်က ဆွေးနွေးပွဲစားပွဲပေါ်မှာ ရှိနေတုန်းပါပဲ။ ဆွေးနွေးနေဆဲ အကြောင်းအရာတစ်ခု ဖြစ်နေဆဲပါ” လို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောပါတယ်။
အာဆီယံ ခေါင်းဆောင်တွေဟာ အခုတကြိမ်ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံကို အစည်းအဝေးတွေကနေ ဖယ်ကြဉ်ထားတဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်သွားကြမယ်လို့ သိရပါတယ်။
ကိုးကား – Reuters




















































