Connect with us

Hi, what are you looking for?

သတင်း

မြန်မာကတင်သွင်းတဲ့ ​ထောပတ်သီးသုံးတန်ခွဲ ​မှောင်ခိုတင်သွင်းမှုနဲ့ထိုင်းဖမ်းဆီး

ထိုင်းကမြန်မာ့ထောပတ်သီးတင်သွင်းမှုကို အခုနှစ်ကစပြီးပိတ်လိုက်တာ​ကြောင့်​​ဈေးကွက်ပျက်ပြီးတောင်သူ​တွေ​ဒုက္ခ​ရောက်

(မြန်မာကတင်သွင်းလာတဲ့​ထောပတ်သီး​တွေကို ထိုင်းအာဏာပိုင်​တွေကဖမ်းဆီးစဥ်။ဓါတ်ပုံ-AEC)

နို၀င်ဘာ-၁၄၊၂၀၂၆။မိုမို/People’s Spring

မြန်မာဘက်ကတင်သွင်းလာတဲ့ ထောပတ်သီး တွေကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ပါတယ်။

တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊သာအတ်-ဝမ်တခီယန် (Tha At–Wang Takhian) လမ်းမပေါ် ပစ်ကပ်ထရပ်ကားတစ်စီးကနေ တရားမဝင်တင်သွင်းလာတဲ့ ထောပတ်သီး ၃ ဒသမ ၅ တန်ကို သိမ်းဆည်းခဲ့တာလို့ ထိုင်းသတင်းတချို့မှာဖော်ပြပါတယ်။

ထရပ်ကားပေါ်မှာ ထောပတ်သီး သေတ္တာပေါင်း ၁၃၀ ပါရှိပြီး ယာဉ်မောင်းဖြစ်သူက တရားဝင် တင်သွင်းခွင့် စာရွက်စာတမ်းများ ပြသနိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဖမ်းဆီးမှုကို ရာဇမနု အထူးတပ်ဖွဲ့ (Rajamanu Task Force)၊ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မဲဆောက် အပင်ပိုးမွှားကာကွယ်ရေးဌာန (Plant Quarantine)ကအရာရှိတွေ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ အသိပေးပါတယ်။

ယာဉ်မောင်းဖြစ်သူကို ၁၉၆၄ ခုနှစ်အပင်ပိုးမွှားကာကွယ်ရေးအက်ဥပဒေ နဲ့ ၂၀၁၇ ခုနှစ် အကောက်ခွန် အက်ဥပဒေနဲ့ ဖမ်းဆီးအရေးယူထားပြီး သိမ်းဆည်းရမိတဲ့ ထောပတ်သီးတွေကို သက်သေခံပစ္စည်းအဖြစ် ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ မဲဆောက်ရဲစခန်းဆီ ပို့လိုက်တယ်လို့ ဆိုပါတယ်။

မြန်မာ့ထောပတ်သီးတင်သွင်းမှုကို ထိုင်းနိုင်ငံကအခုနှစ်ကစပြီးပိတ်လိုက်တာဖြစ်ပါတယ်။ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး (Food Safety) ကြောင့် လို့ ဆိုပါတယ်။

“တောင်သူတွေအနေနဲ့ အရမ်းအခက်အခဲ ဖြစ်နေတော့လမ်းပေါက်ဖို့ ကြိုးစားကြည့်တာတော။ဒါပေမယ့် တစ်ဖက်က သူတို့ဥပဒေနဲ့အရေးယူတဲ့အခါ ဘာမှတော့ ပြောစရာမရှိပါဘူး။တရား၀င်ဖြစ်အောင် ကျွန်တော်တို့ဘက်က ကြိုးစားနေတယ်”လို့မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး တင်ပို့ ထုတ်လုပ် ရောင်းချသူများ အသင်းတာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မြန်မာ့ထောပတ်သီးရောင်းအားရဲ့ ၈၀ ရာခိုင်နှုန်းက ထိုင်းနိုင်ငံကိုရောင်းချနေရတာဖြစ်ပြီး တင်ပို့ခွင့်ပိတ်လိုက်တာကြောင့် ‌ထောပတ်သီးတောင်သူတွေ အခက်အခဲကြုံနေရတယ်လို့လည်းထောပတ်သီးအသင်းတာ၀န်ရှိသူတွေပြောထားပါတယ်။

တစ်နှစ်ကို မြန်မာနိုင်ငံရဲ့ ထောပတ်သီးထွက်ရှိမှုက တန်ချိန် သုံးသောင်းနီးပါး ရှိပြီး ပြည်တွင်းစားသုံးမှုက တန်ချိန် ရှစ်ထောင်၀န်းကျင်ပဲရှိပါတယ်။

“အရင်ကတစ်ကီလို ကျပ် ၃၅၀၀ လောက်ရတာ။အခုကတစ်ကီလို တစ်ထောင်လောက်ပဲရတော့တယ်။ ခူးခ တောင်မရှိတော့ဘူး။တချို့က အခင်းကို ဒီအတိုင်းတောင်ပစ်ထား တယ်”လို့ ထောပတ်သီးစိုက်တောင်သူတစ်ဦးက လက်ရှိအခြေအနေ ကိုပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ က အင်္ဂလန်ကို ထောပတ်သီး စမ်းသပ်တင်ပို့မှုတွေ အောင်မြင်ခဲ့ပေမယ့် ပြည်တွင်းသယ်ယူပို့ဆောင်ရေး အခက်အခဲ တွေ၊လေကြောင်းကုန်စည်ပို့ဆောင်ခ မြင့်တက်မှုနဲ့ ငွေလဲလှယ်နှုန်း မတည်ငြိမ်မှုတွေကြောင့် စီးပွားဖြစ် ဆက်လက်မတင်ပို့နိုင်တော့ဘဲ ရပ်တန့်ခဲ့ရပါတယ်။

လက်ရှိ ထိုင်းနိုင်ငံသို့တင်ပို့ခွင့်မရတဲ့ တန်ချိန် ၂၀,၀၀၀ အတွက် ပြည်တွင်းစားသုံးမှုမြှင့်တင်ရေးကမ်းပိန်းတွေလုပ်တာ၊တရုတ်နိုင်ငံဆီ တင်ပို့ခွင့်အတွက်ကြိုးပမ်းတာအပါအ၀င် ထိုင်းဘက်ကုန်သွယ်ခွင့်ရရေး ပိုးမွှားဆန်းစစ်ချက် (PRA) အမြန်ဆောင်ရွက်နိုင်ဖို့ထောပတ်သီးအသင်းက ကြိုးပမ်းနေတယ်လို့ဆိုရပါတယ်။

ဆက်စပ်သတင်းများ