နိုဝင်ဘာ ၁၈၊၂၀၂၆။သုည/Peoples Spring
UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန်ဟာ စိန်ခေါ်သူ ပေါ်တူဂီဖိုက်တာ မာနယ်ကိပ်ကို (၄) ချီအတွင်း အမှောက်သိပ်ကာ အလဲထိုးအနိုင်ယူမယ်လို့ ကနေဒါနိုင်ငံမှ မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။
ဂျိုရှုအာဗန်ဟာ လက်တလောမှာ UFC 336 ပြိုင်ပွဲကျင်းပမယ့် ကနေဒါနိုင်ငံကို Media Tour အစီအစဉ်နဲ့ ရောက်ရှိနေပြီး ကနေဒါအခြေစိုက်နာမည်ကြီးမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“လာမယ့်ပွဲမှာ (မာနယ်ကိပ်)သူသာ တိကျလက်သီးကို အားကိုးလို့ကတော့ သူ့ကျဆုံးခန်းဖြစ်သွားမှာ သေချာတယ်။ ဒီပွဲအတွက် တွေးပူစရာ ဘာမှမရှိပါဘူး။ လူတိုင်းက လက်သီးပြင်းကြတာပဲ။ လူတိုင်းက မျက်စိစုံမှိတ်ပြီး လွှဲထိုးလို့ကတော့ ပါဝါကြီးကြတာချည်းပဲ။ ကိပ် ပါဝါကြီးတယ် ဆိုတာကို တွေးကို မပူတာပါ။ ၄ ချီအတွင်း သူ့ကို ပွဲသိမ်းမယ်။ ၃ ချီ မဟုတ်ရင် ၄ ချီပဲ သူ့ကို အမှောက်သိပ်မယ်။ ကိပ်က ပြိုင်ဆိုင်လိုစိတ်ကြီးတဲ့သူပါ။ ကျွန်တော်လည်း သူ့လိုပါပဲ။ ဒီပွဲမှာ ဘယ်သူပိုကောင်းလဲဆိုတာ သက်သေပြမယ့်ပွဲပါ” လို့ ဂျိုရှုအာဗန်က ဆိုပါတယ်။

Public Service Announcement
နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာလည်း မာနယ်ကိပ်က ဗန်ကို ၃ ချီအတွင်း အလဲထိုးပြီး ၎င်းဟာ ချန်ပီယံသစ်ဖြစ်လာမယ် လို့ ကြုံးဝါးထားပါတယ်။
UFC ဖလိုင်းဝိတ်တန်းမှာ ဂျိုရှုအာဗန်မှာ လက်ရှိချန်ပီယံဖြစ်ပြီးတော့ စိန်ခေါ်သူ ပေါ်တူဂီဖိုက်တာ မာနယ်ကိပ်မှာလည်း အဆင့် (၁) နေရာ သတ်မှတ်ခံထားရသူ ဖြစ်လို့ ၎င်းတို့နှစ်ယောက်ရဲ့ ပွဲစဉ်ကို ပရိသတ်အားလုံးက စိတ်ဝင်စားနေကြပါတယ်။
ဂျိုရှုအာဗန်နဲ့ မာနယ်ကိပ်တို့ဟာ UFC-336 ပြိုင်ပွဲရဲ့ အဓိကခေါင်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပြီး UFC-336 ပြိုင်ပွဲကို ကနေဒါနိုင်ငံ၊ တိုရွန်တို မြို့ရှိ Scotiabank Arena မှာ ကျင်းပပြုလုပ်မှာ ဖြစ်ရာ ဗန်အတွက် ပထမဆုံး အမေရိကန်နိုင်ငံပြင်ပမှာ ထိုးသတ်မယ့်ပွဲလည်း ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ် မာနယ်ကိပ်ဟာ MMA ပြိုင်ပွဲတလျှောက် ပွဲ ၃၀ ထိုးသတ်ထားပြီး ၂၃ ပွဲနိုင်ကာ ၇ ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ကိပ် ဟာ ပြီးခဲ့တဲ့ ဇွန်လက နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲစဉ်မှာလည်း ဂျပန်ဖိုက်တာ ဟီရိုဂူချီကို အလဲထိုးအနိုင်ရထားပါတယ်။
ဗန်ကတော့ စက်တင်ဘာလအတွင်းက နောက်ဆုံးထိုးသတ်ခဲ့တဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ပြိုင်ဘက် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။
ဂျိုရှူအာဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရကျက ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့ပြီးနောက် ချန်ပီယံကာကွယ်ပွဲ နှစ်ကြိမ်ထိုးသတ်ရာ စိန်ခေါ်သူ တက်ဆူရိုနဲ့ ပန်တိုဂျာတို့ကို အနိုင်ရကာ နှစ်ကြိမ်တိုင် ချန်ပီယံခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့ပါတယ်။ မာနယ်ကိပ်နဲ့ ပွဲစဉ်ဟာ ဗန်အတွက် တတိယမြောက် ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်မှာပဲ ဖြစ်ပါတယ်။
အသက် ၂၄နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၂ ပွဲအထိ ထိုးသတ်ထားပြီး ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားပါတယ်။
ဗန်ဟာ မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့ အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့ ဗန်ဟာ UFC ပြိုင်ပွဲ အောင်ပွဲခံတိုင်း မြန်မာအလံနဲ့ အတူ အောင်ပွဲခံလေ့ရှိသူလည်း ဖြစ်ပါတယ်။

























































