နိုဝင်ဘာ-၁၉၊၂၀၂၆။People’s Spring
ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုမှာ မြန်မာက ပြစ်မှုထင်ရှားကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က အမိန့်ချပြီးတဲ့နောက် မြန်မာစစ်တပ်ခန့် စစ်သံမှူးကို နှင်ထုတ်မယ်လို့ ဗြိတိန် အစိုးရက ကြေညာပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJက ဒီနေ့ ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ နိုင်ငံတကာ တရားရေးကဏ္ဍမှာ နိုင်ငံတစ်ခုအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်အတွက် ပြစ်မှုထင်ရှားကြောင်း ပထမဆုံးအကြိမ် ဆုံးဖြတ်မှု ဖြစ်လာပါတယ်။
ICJ ဆုံးဖြတ်ချက်ကို ကြေညာပြီး နာရီပိုင်း အကြာမှာပဲ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး အက်ဒ်မီလီဘန်းက ICJနဲ့ နိုင်ငံတကာ တရားစီရင်ရေး ကဏ္ဍကိုအပြည့်အဝထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ မြန်မာ စစ်သံမှူးကို နှင်ထုတ်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ပြီးတော့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဆိုးရွားရက်စက်တဲ့ ပြုမူ ဆက်ဆံမှုတွေကိုလည်း ဗြိတိန်က ပြစ်တင်ရှုတ်ချကြောင်း မီလီဘန်းက ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
ICJရဲ့ သမိုင်းဝင်စီရင်ချက်အပြီးမှာတော့ ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေကို ထိထိရောက်ရောက် တာဝန်ခံမှု ရှိစေဖို့ ဗြိတိန်က လက်တွေ့ကျကျ အရေးယူ ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားကြောင်းလည်း မီလီဘန်းက ဆိုပါတယ်။
ICJရဲ့ ဆုံးဖြတ်ချက်ကို လေးစားထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ဗြိတိန် အစိုးရဟာ အရေးယူ ဆောင်ရွက်မှုတွေကို ချက်ချင်း စတင်နေပြီ ဖြစ်ကြောင်း၊ မြန်မာစစ်သံမှူးကို နှင်ထုတ်ဖို့လည်း အမိန့်ပေးထားသလို ကုလ
သမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)မှာ ICJ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အစည်းအဝေးတစ်ရပ် အမြန်ဆုံး ကျင်းပပေးဖို့ ဗြိတိန်က တောင်းဆိုထားကြောင်း မီလီဘန်းက အတည်ပြုခဲ့ပါတယ်။
အခုလို ရာဇဝတ်မှုတွေ ကျူးလွန်သူတွေဟာ အပြစ်ပေး အရေးယူခြင်း မခံရဘဲ လွတ်မြောက်သွားခွင့် မရစေရဘူးဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားကို ပေးပို့နိုင်ဖို့ ဗြိတိန်ကအာရုံစိုက်ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးက မှတ်ချက်ပေးထားပါတယ်။
ရိုဟင်ဂျာတွေဟာ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကို နှစ်ရှည်လများ ခံစားခဲ့ရသလို ဖိနှိပ်မှုတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ အခုအခါမှာတော့ မြန်မာဟာ ICJရဲ့ စီရင်ဆုံးဖြတ်ချက်ကို အပြည့်အဝ လိုက်နာရမှာဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တရားရုံး ဆုံးဖြတ်ချက် အကောင်အထည် ပေါ်လာစေရေး ဝန်းရံကြဖို့ လိုကြောင်း၊ကျူးလွန်သူတွေ တာဝန်ခံစေဖို့နဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရှိစေဖို့ ပါဝင်ကူညီကြရမှာဖြစ်ကြောင်း မီလီဘန်းက ပြောကြားသွားပါတယ်။
အခုကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့သံရုံး ယာယီတာဝန်ခံကိုလည်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်ထားသလို လာမယ့်ရက်ပိုင်းအတွင်း မြန်မာအပေါ် နောက်ထပ် ဖိအားပေး အရေးယူမှုတွေ ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။
ရိုဟင်ဂျာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ဖို့၊ငြိမ်းချမ်းပြီးဒီမိုကရေစီ ထွန်းကားသလို ပြည်သူအားလုံး ပါဝင်နိုင်မယ့် မြန်မာ့ အနာဂတ်တစ်ခု ပေါ်ထွန်းလာဖို့လည်း ဗြိတိန်က အခိုင်အမာဆက်လက်ထောက်ခံ အားပေးသွားမယ်လို့ မီလီဘန်းက ကြေညာခဲ့ပါတယ်။
ကိုးကား- Foreign Secretary UK

























































