Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာ​တွေအ​ပေါ် မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ICJ အမိန့်ချ

နိုင်ငံတစ်ခုအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက်အပြစ်ရှိကြောင်းအပြည်ပြည်ဆိုင်ရာ ခုံရုံးတစ်ခုရဲ့ ပထမဆုံးစီရင်ချက်ဖြစ်လာ

(ICJ တရားခွင်မှာ စစ်​ကောင်စီကိုယ်စားပြုတက်​ရောက်လာတဲ့ ဦးကိုကိုလှိုင် ။ ဓါတ်ပုံ-Reuters)

နိုဝင်ဘာ-၁၉၊၂၀၂၆။People’s Spring

ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံကလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကအမိန့်ချလိုက်ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ တရားခွင်မှာ ICJက မြန်မာအပေါ် ဂမ်ဘီယာက စွပ်စွဲထားတဲ့ အမှုကိုအပြီးသတ် စီရင်ချက်ကို ဖတ်ကြားကြေညာခဲ့ရာမှာ တရားသူကြီး ၁၅ ဦးထဲက ၉ ဦးက လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် မြန်မာမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး ၆ ဦးကတော့ စွဲချက်ကို ကန့်ကွက်မဲ ပေးခဲ့ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် မြန်မာက ပြစ်မှုထင်ရှားတယ်လို့ ဂမ်ဘီယာ က တရားစွဲဆိုပြီး ၇ နှစ်အကြာမှာ ICJက အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတစ်ခုအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက်အပြစ်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ခုံရုံးတစ်ခုရဲ့ ပထမဆုံးအကြိမ် စီရင်ချက် ချမှတ်မှု အနေနဲ့လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရားရုံးက စီရင်ချက်ကို ဖတ်ကြားပြချိန်မှာတော့ မြန်မာစစ်တပ်နဲ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တယ်ဆိုတာ အထောက်အထား ထင်ရှားတယ်လို့ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်​မှာ စစ်တပ်ကလုပ်ဆောင်ခဲ့တဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေမှာ ခန့်မှန်းခြေ ရိုဟင်ဂျာ အရပ်သား ၁၀,၀၀၀ လောက်ကို မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့သလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ကလေးငယ်တွေအပေါ် အလွန်အမင်း ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့သလို ပြင်းထန်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နစ်နာမှုတွေ ကြုံတွေ့စေခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ICJမှာ ကိုယ်ပိုင်ရဲတပ်ဖွဲ့ မရှိတာကြောင့် စီရင်ချက်နောက်ပိုင်း ပြစ်ဒဏ်ကျူးလွန်သူတွေကို ဖမ်းဆီးတာမျိုး လုပ်လို့မရပါဘူး။ ဒါပေမဲ့ ကုလသမဂ္ဂ (UN) ပဋိညာဉ် စာတမ်းအရ စီရင်ချက် နောက်ဆက်တွဲ ညွှန်ကြားချက်တွေကို မြန်မာက မဖြစ်မနေ လိုက်နာရမယ့် ဥပဒေကြောင်းဆိုင်ရာ စည်းနှောင်မှုမျိုး ရှိပါတယ်။

တစ်နည်းအားဖြင့်မြန်မာဖက်ကICJရဲ့ စီရင်ချက်ကို လိုက်နာဖို့ ပျက်ကွက်ရင် တရားလိုဖြစ်တဲ့ ဂမ်ဘီယာ နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)ဆီကို တင်ပြပြီး အရေးယူ ဆောင်ရွက်မှုတွေအတွက် တောင်းဆိုပိုင်ခွင့် ရှိလာပါတယ်။

နောက်ထပ် သွယ်ဝိုက် သက်ရောက်မှု တစ်ခုကတော့ အခုအမှုဟာ နိုင်ငံတော်အဆင့် တာဝန်ယူ၊ တာဝန်ခံမှုအတွက် ဆုံးဖြတ်စေတာ ဖြစ်ပေမယ့်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အလိုတူ အလိုပါ စစ်ဗိုလ်ချုပ်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ စွဲချက်တင်ထားတဲ့ ကိစ္စတွေမှာ အရမ်းခိုင်မာ အားကောင်းတဲ့ သက်သေ အထောက်အထားမျိုးကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)ကတော့ ICJရဲ့ အပြီးသတ် စီရင်ချက်ဟာ မြန်မာစစ်တပ်ကြောင့် ရိုဟင်ဂျာတွေ ထိခိုက်နစ်နာခံစားခဲ့ရတဲ့ အမှန်တရားကို အချိန်တွေ အကြာကြီးနေမှ အသိအမှတ်ပြုမှု ရလာတာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

HRWက မြန်မာအနေနဲ့ တရားရုံးရဲ့ စီရင်ချက်နဲ့ နောက်ဆက်တွဲ လမ်းညွှန်မှုတွေကို အမြန်ဆုံး လိုက်နာပြီး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံဆီ ဆန္ဒအလျောက် ဘေးကင်းကင်း ပြန်ခွင့်ရရေးအတွက် သေချာခိုင်မာအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ကိုးကား- ICJ ၊BBC ၊ The Guardian

ဆက်စပ်သတင်းများ