Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာအမှုမှာ မြန်မာကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ICJ တရားသူကြီးတွေကို အမေရိကန် ပိတ်ဆို့ အရေးယူလာနိုင်ဟုဆို

အမေရိကန်နဲ့ အစ္စရေးတို့ကိုပါ ဂါဇာအ​ရေးအတွက်အလားတူတရားစွဲလာမှာကိုအိမ်ဖြူတော်စိုးရိမ်၊ တရားသူကြီး​အချို့ကလည်းပိတ်ဆို့အ​ရေးယူခံရရင်ပိုင်ဆိုင်မှု​တွေကာကွယ်ဖို့ နည်းလမ်းရှာ

( ICJ တရားသူကြီး​တွေထဲမှာပါဝင်တဲ့ တောင်အာဖရိကရှေ့နေ ပီလေး (Pillay) ။သူမဟာ အောက်တိုဘာလမှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပါတယ်။ဓါတ်ပုံ-ICJ)

နိုဝင်ဘာ-၁၉၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့ ရိုဟင်ဂျာ လူမျိုးသုဉ်း သတ်ဖြတ်မှုမှာ မြန်မာကို ဆန့်ကျင်တဲ့ စီရင်ချက်မျိုး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က ချမှတ်ခဲ့မယ်ဆိုရင် အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်နဲ့ ICJ တရားသူကြီးတွေအပေါ် အမေရိကန်က အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

အရင်တုန်းက ICJရဲ့ အမှုအခင်းတွေမှာ နိုင်ငံတစ်ခုခုကို လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်အတွက် တာဝန်ရှိတယ်၊ ပြစ်မှုထင်ရှားတယ် ဆိုတာမျိုး ဆုံးဖြတ်ခဲ့တာ မရှိဖူးပါဘူး။ အဓိက ပြဿနာကတော့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ရင် နိုင်ငံသား၊ လူမျိုးစု၊ အသားအရောင်၊ ကိုးကွယ်ယုံကြည်မှု တစ်ခုအောက်မှာ စုစည်းတဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့ပါတယ် ဆိုတာကို သက်သေပြဖို့ ခက်ခဲတာကြောင့်ပါ။

ရိုဟင်ဂျာတွေဘက်က လိုက်ပါ ဆောင်ရွက်ပေးတဲ့ ရှေ့နေတွေကတော့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တုန်းက အသက်ရှင်ဖို့ ထွက်ပြေးခဲ့သူတွေကိုတောင်တမင်ရည်ရွယ်ချက်ရှိရှိ လိုက်လံ ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေက ရိုဟင်ဂျာ မျိုးနွယ်စုကို ဖျက်ဆီးဖို့ အတိအလင်း ကြိုးပမ်းခဲ့တယ်ဆိုတာ မြင်သာစေကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

လူမျိုးသုဉ်း သတ်ဖြတ်တယ် ဆိုတာနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အမှန်တကယ် အပြစ်ရှိ၊မရှိ ဆိုတာကို ဆုံးဖြတ်ဖို့က တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားနဲ့ စံသတ်မှတ်ချက်တွေအပေါ် အဓိက မူတည်နေပါတယ်။ ဒါကြောင့်နိုင်ငံတစ်ခုကလူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ပါတယ် ဆိုတာမျိုး ICJက စီရင်ဆုံးဖြတ်လိုက်ပြီဆိုရင် ရှုပ်ထွေးသိမ်မွေ့တဲ့ အဲဒီ စံသတ်မှတ်ချက်တွေကို တရားသူကြီးတွေက အဆင့်လျှော့ချလိုက်တာလို့ အမေရိကန်က ယူဆလာနိုင်ပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ခုအပေါ် အဲဒီစွပ်စွဲချက်နဲ့ တရားစွဲဆို၊ စီရင်ချက်ချမှတ်ပြီးပြီဆိုရင် ထုံးတမ်းသာဓကတစ်ခု ဖြစ်လာပြီး အမေရိကန်နဲ့ မဟာမိတ် အစ္စရေးတို့ အပေါ်မှာပါ အလားတူ ချဉ်းကပ်မှုတွေ ရှိလာမှာကိုပါ အိမ်ဖြူတော်က စိုးရိမ်နေပါတယ်။ အမေရိကန် အစိုးရနဲ့ နီးစပ်ပြီး ဩဇာကြီးမားတဲ့ နိုင်ငံရေး သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ဒီမိုကရေစီ ကာကွယ်ရေး ဖောင်ဒေးရှင်းကတော့ နိုဝင်ဘာ ၁၉ ရက် စီရင်ချက်မှာ ICJကသာ မြန်မာအပေါ် အပြစ်ရှိကြောင်း စီရင် ဆုံးဖြတ်ခဲ့ရင် အမေရိကန် အစိုးရဟာ ICJ တရားသူကြီးတွေကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်လာနိုင်ကြောင်း မှတ်ချက်ပေးထားပါတယ်။

အစ္စ​ရေးနဲ့အ​မေရီကန်တို့က ဂါဇာမှာကျူးလွန်ခဲ့တာ​တွေအတွက် အလားတူ ချဥ်းကပ်တရားစွဲဆို ခံရမှာကိုစိုးရိမ်​နေကြတာပါ။

တစ်ဖက်မှာလည်း ICJ တရားသူကြီးတွေက နောက်ဆုံး စီရင်ချက်အပေါ် မူတည်ပြီး အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ကြုံလာရင် ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကိုဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့အပေါ် နည်းလမ်းတွေ ရှာကြံပြီး ဥပဒေကြောင်းအရ တိုင်ပင် အကြံယူမှုတွေ လုပ်ဆောင်ထားပါတယ်။

နိုင်ငံတစ်ခု၊ အစိုးရ တစ်ရပ်က လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် တာဝန်ရှိပါတယ်လို့ ICJကတစ်ကြိမ်ဆုံးဖြတ်ပြီးရင်အလားတူ စွပ်စွဲချက်တွေကိုသက်သေပြဖို့ပိုပြီး ရှင်းလင်းတဲ့ ကိုးကားစရာမျိုး ရသွားမှာကို အမေရိကန်က စိုးရိမ်နေပါတယ်။

ICJဟာ နိုင်ငံတွေကြား၊ အစိုးရတွေကြားက အငြင်းပွားမှုတွေကို စီရင်ကိုင်တွယ်ပေးရတဲ့ တရားရုံးဖြစ်ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ကြောင်း လူပုဂ္ဂိုလ် တစ်ဦးချင်း အနေနဲ့ စွပ်စွဲခံရသူတွေကို ပြစ်ဒဏ်ချမှတ်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICJ)နဲ့ အနေအထားချင်း မတူပါဘူး။ ICJရဲ့ သမိုင်းမှာ နိုင်ငံတစ်ခုက လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် တာဝန်ရှိပါတယ်လို့ ဘယ်တုန်းကမှ မဆုံးဖြတ်ခဲ့ဖူးပါဘူး။

အမေရိကန်ဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ဖမ်းဝရမ်း ထုတ်ခဲ့တဲ့နောက် ICCရဲ့ တရားသူကြီးတွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ခဲ့ပြီးပါပြီ။ ICCဟာ ဆိုးယုတ်တဲ့ တရားရုံးလို့တောင် အမေရိကန် အစိုးရက သုံးနှုန်းဝေဖန်ခဲ့ပါတယ်။ အခုတော့မြန်မာအပေါ် စီရင်ချက်ကိုအကြောင်းပြုပြီး ICJ တရားသူကြီးတွေဟာလည်း အမေရိကန် ပိတ်ဆို့မှုကို ကြုံလာနိုင်ခြေ ရှိနေတဲ့ သဘောပါ။

မြန်မာအပေါ် စွဲချက်တင်ခဲ့တဲ့ဂမ်ဘီယာ အစိုးရဟာ အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်လာသူ တောင်အာဖရိက လူ့အခွင့်အရေး ရှေ့နေ နာဗီပီလေးကို ယာယီ တရားသူကြီး တစ်ဦးအဖြစ် အဆိုပြုခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းတွေအရ ပီလေးဟာ ဂမ်ဘီယာကို ကိုယ်စားပြုတာ မဟုတ်ဘဲ တရားသူကြီး အဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန်ယူရမှာပါ။

ကုလသမဂ္ဂ (UN)ဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် မိုက်ခ်ဝေါ့လ်ဇ်ကတော့ပီလေး အပါအဝင် ICJ တရားသူကြီး ၁၅ ဦးတို့ဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုစက်ကွင်းအောက် ရောက်ရှိသွားနိုင်ကြောင်း သတိပေးထားပါတယ်။ အဆင်အခြင်မဲ့တဲ့ ဂလိုဘယ်ဝါဒီ တရားသူကြီးတွေက အမေရိကန် စစ်သည်တွေအပေါ် ဆန့်ကျင်ရပ်တည်ဖို့ တရားစီရင်ရေးကို လက်နက်အသွင် အသုံးချလာတာမျိုး အမေရိကန် အစိုးရကလုံးဝလက်ခံမှာ မဟုတ်ကြောင်း ဝေါ့လ်ဇ်က ပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း ဝေါ့လ်ဇ်က မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ လက်ရှိအမှုမှာ ပီလေးဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုကို သက်သေပြရတဲ့ ဥပဒေရေးရာ စံနှုန်းတွေကို လျှော့ချစေပြီး ICJ ဆုံးဖြတ်ချက်ကို တစ်ဖက်သတ် ဖြစ်လာအောင် ကြံဆောင်နေတယ်လို့လည်း စွပ်စွဲခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုကလည်း ကမ္ဘာ့ရေပေါ်ဆီ အသိုက်အဝန်း အတွက်တော့ နိုင်ငံတကာဥပဒေတွေဆိုတာလူတိုင်းအတွက်တူညီတဲ့ အခြေခံမူတွေလို့ ဟန်ဆောင်ထားပေမယ့် ကိုယ်ကျိုးစီးပွားတွေကို ရှေ့တန်းတင်ဖို့ သုံးတဲ့ ကိရိယာ တန်ဆာပလာ တစ်ခုသာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ကိုးကား-Guardian

ဆက်စပ်သတင်းများ