Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထိုးစစ်ကို အတူခုခံတွန်းလှန်ဖို့ ချင်းတော်လှန်ရေးတပ်တွေ သဘောတူ

ချင်းညီညွတ်ရေးနဲ့ ချင်းပြည်တခုလုံးလွတ်မြောက်ရေး ပူးပေါင်းလုပ်ဆောင်မယ်

နိုဝင်ဘာ-၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ တွေ့ဆုံပြီး အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်ကို အတူတကွ ခုခံတွန်းလှန်သွားဖို့၊ ချင်းညီညွတ်ရေး ပိုအားကောင်းစေပြီး ချင်းပြည်လွတ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်နယ်တွေမှာ စစ်တပ်ထိုးစစ်ကို ခုခံနေတဲ့ CPU/CPAနဲ့ ဒေသအသီးသီးရှိ CDF တပ်တွေရဲ့ တွေ့ဆုံပွဲကို နိုဝင်ဘာ ဒုတိယပတ်မှာ ၂ရက်ကြာ ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ အဖွဲ့ ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေနဲ့ စစ်ဘက်ဆိုင်ရာ တပ်မှူးတွေ ၄၀ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

“၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ ချင်းလက်နက်ကိုင် တပ်ဖွဲ့တွေကြားထဲမှာ စုစည်းညီညွတ်ရေးကို ဦးတည်ပြီးတော့မှ တွေ့ဆုံတာဖြစ်ပါတယ်”လို့ ကြေညာချက် ပြောရေးဆိုခွင့်ရှိတဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ချင်းပြည်တခုလုံးလွတ်မြောက်ဖို့နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်ကို အတူတကွ ရှေ့ဆက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို လုပ်ဆောင်သွားမယ်လို့ ကြေညာချက် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ကျနော်တို့ ချင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေများတဲ့ အချိန်ကျတော့ ပြည်သူလူထုတွေအနေနဲ့ ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားတဲ့အချက်တွေကိုမြင်ရတယ်။ အဲဒီအပေါ်မှာလည်း တော်လှန်ရေးအပေါ်မှာ အားနည်းတဲ့အနေအထားတွေရှိတယ်။ ဒီဟာတွေကို ကျနော်တို့အနေနဲ့ ပြန်ပြီးတော့မှ ပြည်သူ့ တော်လှန်ရေးကို အခြေပြုတဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးတပ်ဖွဲ့ဝင် တွေပေါ့နော် လက်နက်ကိုင်အစုအဖွဲ့တွေအနေနဲ့ ပြန်ပြီးတော့ ပြည်သူတွေကို ခွန်အားတက်စေမယ့် ဒီလက်နက်ကိုင်ပြန်ပြီးတော့ စုစည်းပြီးတော့မှ အမျိုးသားတော်လှန်ရေး ပြီးတော့မှ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အပြည့်အ၀ တည်ဆောက်နိုင်တဲ့ နိုင်ငံတော် တည်ထောင်ဖို့ အတွက်ကို ရည်စူးတဲ့ ပုံစံမျိုးအနေနဲ့ ကိုလည်းရည်မှန်းပြီးတော့မှ တွေ့ဆုံဆွေးနွေးမှုဖြစ်ပါတယ်”လို့ သူက ဆက်ရှင်းပြပါတယ်။

အခုတွေ့ဆုံမှုဟာ စစ်ရေးတွေကို အသားပေး လုပ်ဆောင်ဖို့ တွေ့ဆုံဆွေးနွေးတာဖြစ်ကြောင်းလည်း အသိပေးပါတယ်။ ဒါ့အပြင် တွေ့ဆုံမှုမှာ မပါသေးတဲ့ အခြား ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ ထပ်မံ ညှိနှိုင်းတာတွေ ရှိလာမယ်လို့လည်း ပြောပါတယ်။

အခု တွေ့ဆုံပွဲမှာ တော်လှန်ရေး(၆)နှစ်တာကာလ ချင်းပြည်လွတ်မြောက်ရေးနဲ့ ခုခံတွန်းလှန်စစ်လုပ်ငန်းများ ဆောင်ရွက်နေတဲ့ ကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုအသီးသီးကို နှစ်ဖက်တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းခဲ့ကြသလို နောင်မှာ ပူးပေါင်းဆောင်ရွက်မယ့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့ကြောင်း ပူးတွဲကြေညာချက်မှာ ပါရှိပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးလုပ်ငန်းစဉ်များကို အခြားတော်လှန်ရေးမဟာမိတ်များနဲ့အတူ အဆင့်ဆင့်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ