Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒိန်းမတ်ရဲ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်က နာဇီတစ်ဦး ဖြစ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်လာ

နိုင်ငံရဲ့ အသက်အကြီးဆုံး လူပုဂ္ဂိုလ်အတွက် ဒိန်းမတ်ပြည်သူတွေက ကောင်းချီးပေး ဂုဏ်ပြုပေးခဲ့ကြပါတယ်။ အဲဒီနောက်မှ သူဟာ နာဇီတစ်ဦး ဖြစ်နေမှန်း သိရှိသွားပြီး စိတ်ပျက်ကုန်ကြပါတယ်။

ဓာတ်ပုံ - Gerontology Research Group

နိုင်ငံရဲ့ အသက်အကြီးဆုံး လူပုဂ္ဂိုလ်အတွက် ဒိန်းမတ်ပြည်သူတွေက ကောင်းချီးပေး ဂုဏ်ပြုပေးခဲ့ကြပါတယ်။ အဲဒီနောက်မှ သူဟာ နာဇီတစ်ဦး ဖြစ်နေမှန်း သိရှိသွားပြီး စိတ်ပျက်ကုန်ကြပါတယ်။

အသက် ၁၁၂ ရှိပြီဖြစ်တဲ့ ခရစ္စတန် ရှာဝဲလ်ဘီဟာ ဒိန်းမတ်နိုင်ငံရဲ့ သက်ရှိထင်ရှား အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် ပြီးခဲ့တဲ့ လတုန်းက မှတ်တမ်းဝင်လာခဲ့ပါတယ်။ ရှာဝဲလ်ဘီဟာ ဘဝကို အကောင်းမြင် ဖြတ်သန်းလေ့ ရှိသူတစ်ဦးလို့ နီးစပ်သူတွေက ပြောကြားခဲ့ကြသလို သူ့ရဲ့ ထူးကဲတဲ့ စံချိန်မှတ်တမ်းအတွက် ပြည်တွင်း သတင်းတွေကလည်း တခုပ်တရ ဖော်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒေသခံ မီဒီယာ တစ်ခုက ရှာဝဲလ်ဘီဟာ နာဇီဟောင်း တစ်ဦးဖြစ်တဲ့အကြောင်း အချက်အလက် အခိုင်အမာနဲ့ ဖော်ထုတ် ရေးသားလာခဲ့ပါတယ်။ သူဟာ ဒုတိယ ကမ္ဘာစစ် အတောအတွင်း ၁၉၄၁ ခုနှစ်တုန်းက ဒိန်းမတ် နာဇီပါတီ (DNSAP)ထဲ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ ၁၉၄၄ ခုနှစ်အထိ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဟိုလ်စတာဘရိုမှာ နာဇီယူနစ် တစ်ခုရဲ့ ခေါင်းဆောင်အဖြစ် အမှုထမ်းခဲ့ဖူးပါတယ်။

ဒိန်းမတ် သမိုင်းသုတေသီ ကလော့စ် ဘွန်းဂါ့ဒ် ခရစ္စတန်ဆန်က စာရွက်စာတမ်း အထောက်အထားတွေကို လေ့လာခဲ့တဲ့နောက် ရှာဝဲလ်ဘီဟာ သာမန် ပါတီဝင် တစ်ဦးအဆင့်ထက် ပိုပြီး ဒေသတွင်းက တက်ကြွတဲ့ ခေါင်းဆောင်မှု နေရာမှာ တာဝန်ယူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အင်တာဗျူး တစ်ခုမှာတော့ ရှာဝဲလ်ဘီက သူဟာ နာဇီပါတီထဲကို ကိုယ်ပိုင်သဘောဆန္ဒနဲ့ တက်တက်ကြွကြွ ဝင်ရောက်ခဲ့တာ မဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ သူ့လိုပဲ မြို့ခံ ပါတီခေါင်းဆောင်ပိုင်း တစ်ဦးဖြစ်တဲ့ ခင်ပွန်းသည်က တိုက်တွန်းလို့ ပါတီထဲ ဝင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို သေချာလည်း နားမလည်ခဲ့ကြောင်း ရှာဝဲလ်ဘီက ပြောကြားခဲ့ပါတယ်။

သူက နိုင်ငံရေးကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့တာကြောင့် နာဇီပါတီဆိုတာ ဘာမှန်းတောင် သေသေချာချာ မသိခဲ့ဘူးလို့ အဖွားအိုက ဒိန်းမတ် ရုပ်မြင်သံကြားဌာန Midtvestဆီ မှတ်ချက်ပေးခဲ့ပါတယ်။

ရှာဝဲလ်ဘီကို ၁၉၁၄ ခုနှစ်၊ မတ်လတုန်းက မွေးဖွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက ၁၉၈၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး သူ့ရဲ့ မွေးချင်းတွေထဲမှာ အသက် ရာကျော်သူတွေ ရှိခဲ့တာကြောင့် ရှာဝဲလ်ဘီရဲ့ မျိုးရိုးက အသက်ရှည်သူတွေလို့ သတ်မှတ်နိုင်ပါတယ်။

သူ့ဘဝရဲ့ အချိန်အများစုကို ကလေးထိန်း၊ အိမ်မှုကိစ္စလုပ်၊ စက်ချုပ် အသက်မွေးရင်း ကုန်ဆုံးခဲ့ကြောင်း ရှာဝဲလ်ဘီက ဆိုပါတယ်။ သူဟာ နှလုံးခုန်နှုန်း ထိန်းညှိတဲ့ ကိရိယာ တပ်ဆင်ထားရပေမယ့် အသက် ၁၀၉ နှစ်အရွယ်အထိ ကိုယ်ပိုင်အိမ်မှာ တစ်ဦးတည်း ကျန်းကျန်းမာမာ နေထိုင်ခဲ့သူပါ။

သူဟာ နာဇီပါတီဝင် ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာတဲ့နောက် ရှာဝဲလ်ဘီရဲ့ ကိုယ်ရေး အထုပ္ပတ္တိ ဝတ္ထု ထုတ်ဝေမယ့် ကိစ္စကို စာအုပ်တိုက်က ဆိုင်းငံ့ထားလိုက်သလို သူ့ဘဝအကြောင်း ရိုက်ကူးနေတဲ့ မှတ်တမ်းရုပ်ရှင် စီးရီးရဲ့ နောက်ဆုံးအပိုင်းတွေ ထုတ်လွှင့်မယ့် အစီအစဉ်လည်း ဖျက်သိမ်းခံခဲ့ရပါတယ်။

ကိုးကား: TVP World

ဆက်စပ်သတင်းများ