သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်၊ တရုတ်၊ ရုရှား ခေါင်းဆောင်တွေက ဝိုင်းဝန်း ထိုးနှက်တာ ခံခဲ့ရတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC)ဖက်ကနေ ကုလသမဂ္ဂ (UN)က ကာကွယ် ရပ်တည်ခဲ့ပါတယ်။
ရှန်ကျန်းမြို့မှာ နိုဝင်ဘာ ၁၉ ရက်နေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးအပြီး ပူးတွဲ ထုတ်ပြန်ချက်မှာတော့ ICCကို မလိုလားကြောင်း သဘောထားမျိုးကို အတိအလင်း ပြသထားပါတယ်။
ထရမ့်ဟာ မဟာမိတ် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ဖမ်းဝရမ်းထုတ်ပြီး အရှေ့အလယ်ပိုင်း ဒေသက အမေရိကန်ရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ ICCအပေါ် ခါးသီးတဲ့ သဘောထားတွေ အတိအလင်း ပြသနေသလို ပူတင်ကလည်း ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ICCရဲ့ ဖမ်းဝရမ်းထုတ်တာ ခံထားရပါတယ်။ တရုတ်ကလည်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ အကျိုးစီးပွား ရှုထောင့်ကနေ ICCနဲ့ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။
သုံးပွင့်ဆိုင် တွေ့ဆုံပွဲအပြီး ပူးတွဲထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့က ICC အပါအဝင် အလားတူ အဖွဲ့အစည်းတွေဟာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို အလွဲသုံးစား မလုပ်ဖို့လိုကြောင်း သတိပေး ဖော်ပြထားပါတယ်။

Public Service Announcement
UNရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်သူ ဖာရန်ဟက်ကတော့ UN အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ICCဆိုတာ နိုင်ငံတကာ တရားရေး ကဏ္ဍမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ် ဆိုတာကို ယုံကြည်ထားဆဲဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
UNဟာ ICCနဲ့ ပူးပေါင်းလုပ်ဆောင်ရေး သဘောတူညီမှု တစ်ခုကို ရရှိထားကြောင်း၊ UN အဖွဲ့ဝင် နိုင်ငံတွေကလည်း အဲဒီ သဘောတူညီမှု အထမြောက်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ဟက်က ဆိုပါတယ်။ ကမ္ဘာကြီး တည်ငြိမ်ရေးအတွက် တရားဥပဒေ စိုးမိုးရေး ဆိုတာက အလိုအပ်ဆုံး မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ အဲဒီမဏ္ဍိုင်ကို ဝိုင်းအားဖြည့်ပေးရမှာဖြစ်ပြီး ယိုင်နဲ့သွားအောင် မလုပ်သင့်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေက ICCရဲ့ ဖမ်းဝရမ်းထုတ်တာ ခံရတဲ့ အခြေအနေတွေအပေါ် UNက ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့ မေးခွန်းကိုတော့ ဖက်က ICC ချမှတ်ထားတဲ့ စီရင်ချက်တွေနဲ့ ပတ်သက်ပြီး ICC ကိုယ်တိုင်ပဲ ဆွေးနွေးတာ သင့်တော်ကြောင်း၊ UN အနေနဲ့ကတော့ ICCရဲ့ လုပ်ဆောင်ချက်တွေကို အခုရော၊ နောက်ရော ဆက်လက် ထောက်ခံနေမယ် ဆိုတာကိုသာ ပြောလိုကြောင်း ပြန်ဖြေခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)နဲ့ မတူဘဲ ICCဟာ UN လက်အောက်ခံ တရားရေးဌာနတစ်ခု မဟုတ်ပါဘူး။ ၁၉၉၈ ခုနှစ်တုန်းက ရောမဥပဒေ သဘောတူညီချက်အပေါ် မူတည်ပြီး ၂၀၀၂ ခုနှစ်မှာ သီးခြားလွတ်လပ်တဲ့ တရားရုံးအဖြစ် ICCက ပေါ်ထွက်လာခဲ့တာပါ။ ICJလိုပဲ ICCကလည်း နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာ အခြေစိုက်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှုအရ UN လုံခြုံရေး ကောင်စီရဲ့ အမှုတွေကို ICCဆီ လွှဲပြောင်းပေးခွင့်တော့ ရှိနေပါတယ်။
ICJက နိုင်ငံတွေကြားက အငြင်းပွားမှုနဲ့ ပြဿနာတွေကို ကိုင်တွယ်စစ်ဆေးပြီး ICCကတော့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီက ကျူးလွန်တဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အဓိကထား စစ်ဆေးဆုံးဖြတ်တာ ဖြစ်ပါတယ်။
ICCမှာ အဖွဲ့ဝင် ၁၂၅ နိုင်ငံရှိပြီး အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့တော့ ပါဝင်မထားကြပါဘူး။
ကိုးကား: Anadolu Ajansı
























































