Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂူတာရက်စ်နေရာ ဆက်ခံမယ့်သူ ရှာမတွေ့သေးလို့ UNမှာ ခေါင်းဆောင်မဲ့သွားမယ့် အခြေအနေ ကြုံနိုင်ခြေရှိနေ

အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ နေရာအတွက် ဆက်ခံမယ့်သူကို ရွေးချယ်လို့ မရသေးတာကြောင့် ကုလသမဂ္ဂ (UN)ဟာ ခေါင်းဆောင်မှု ကင်းမဲ့တဲ့ အခြေအနေ ဖြစ်သွားမှာကို စိုးရိမ်နေရပါတယ်။

ဓာတ်ပုံ - Reuters

အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ နေရာအတွက် ဆက်ခံမယ့်သူကို ရွေးချယ်လို့ မရသေးတာကြောင့် ကုလသမဂ္ဂ (UN)ဟာ ခေါင်းဆောင်မှု ကင်းမဲ့တဲ့ အခြေအနေ ဖြစ်သွားမှာကို စိုးရိမ်နေရပါတယ်။

ပေါ်တူဂီ နိုင်ငံသား ဂူတာရက်စ်ရဲ့ UN အကြီးအကဲ ရာထူးအတွက် တာဝန်ထမ်းဆောင်မှုဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ၅ နှစ်သက်တမ်း ၂ ကြိမ် ပြည့်တော့မှာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၀ နှစ် တာဝန်ထမ်းဆောင်ပြီးရင် UN အကြီးအကဲဟာ ရာထူးကနေ ထွက်ခွာပေးရပါတယ်။

ဒါကြောင့် သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့် UN အတွင်းရေးမှူးချုပ်သစ် တစ်ဦးကို အဆိုပြု တင်မြှောက်ဖို့ လိုအပ်နေပြီး အခုထိ ဘယ်သူ့ကိုမှ မရွေးချယ်နိုင်သေးပါဘူး။ UN အကြီးအကဲသစ် နေရာအတွက် လုံခြုံရေး ကောင်စီရဲ့ ဗီတိုအာဏာ ကိုင်ဆွဲတဲ့ ၅ နိုင်ငံကြား ညှိနှိုင်းမှုတွေက အခုထိ ရလဒ် ထွက်ပေါ်မလာသေးပါဘူး။

UN အကြီးအကဲသစ် ဘယ်သူဖြစ်မလဲ ဆိုတာကို ၈ ကြိမ်တိုင် မဲပေးခဲ့ပြီး ဖြစ်ပေမယ့် အဖြေမထွက်ခဲ့သလို အခုသီတင်းပတ်ထဲမှာ နောက်တစ်ကြိမ် ထပ်ပြီး မဲပေးကြဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ ဂူတာရက်စ် အနားယူသွားတဲ့ အချိန်ထိသာ အဖြေထွက်မလာဘူးဆိုရင် UNကို ဘယ်လို ခေါင်းဆောင်မှုနဲ့ လည်ပတ်မလဲဆိုတဲ့ အရေးပေါ် အစီအစဉ်တွေကိုလည်း တာဝန်ရှိသူတွေက ပြင်ဆင် ရေးဆွဲနေတယ်လို့ ဆိုပါတယ်။

UN ခေါင်းဆောင်သစ်ကို ကြာညောင်းတဲ့၊ ပွင့်လင်းမြင်သာမှု မရှိတဲ့၊ လျှို့ဝှက်မဲပေးမှုတွေနဲ့ ရွေးချယ်လေ့ ရှိခြင်းက အခု အကျပ်အတည်းရဲ့ အဓိက အကြောင်းရင်းတစ်ခုလို့ လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီ သုံးနေကျ နည်းကို ပြန်လည် ဆန်းစစ် ပြင်ဆင်သင့်ပြီဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ ၂၀၁၆ တုန်းက ဂူတာရက်စ်ကို ရွေးချယ်ဖို့အတွက် လုံခြုံရေး ကောင်စီဟာ ၆ ကြိမ် မဲပေးခဲ့ရပါတယ်။

နောက်ပြီး အဲဒီလိုတွေ သဘောထား ကွဲလွဲမှု ဖြစ်နေတာကိုက ဗီတိုအာဏာပိုင် နိုင်ငံတွေကြားမှာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းလိုမှု ကင်းမဲ့တာကို မြင်သာစေကြောင်း ထောက်ပြမှုတွေလည်း ရှိလာပါတယ်။ အခုတော့ လက်ရှိ အတွင်းရေးမှူးချုပ်ရဲ့ ရာထူးသက်တမ်း တစ်လကျော်လောက်ပဲ ကျန်တဲ့အထိ ဆက်ခံသူကို ရှာမတွေ့ဘဲ ဖြစ်နေပါတယ်။

UN ပဋိညာဉ် စာတမ်းမှာလည်း အဖွဲ့ကြီးရဲ့ အကြီးအကဲနေရာ လစ်လပ်နေတာကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာ တိတိကျကျ ဖော်ပြမထားပါဘူး။ အရင်ကလည်း UN အကြီးအကဲ တစ်ဦးဟာ အစားထိုး ဆက်ခံမယ့်သူ ရှာမတွေ့ဘဲ ရာထူးသက်တမ်း ကုန်ဆုံးသွားရတယ် ဆိုတာမျိုး မကြုံခဲ့ဖူးပါဘူး။

လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ UNရဲ့ ပြောရေးဆိုခွင့်ရ အရာရှိကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ