Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်မှ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု အမှန်တကယ် ဖော်ဆောင်နိုင်လိမ့်မယ်လို့ NUG ယာယီသမ္မတ ပြော

ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်အုပ်စုက ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုအဆုံးသတ်စေရေး အားစိုက်လုပ်ဆောင်ဖို့ နိုင်ငံတကာကို တိုက်တွန်း

(ဘဂ်လား​ဒေရှ်နယ်စပ် ဒုက္ခသည်စခန်းကရိုဟင်ဂျာဒုက္ခသည်​တွေ။ဓါတ်ပုံ-AFP)

နိုဝင်ဘာ-၂၀၊၂၀၂၆။ထားမြတ်/People’s Spring

မင်းအောင်လှိုင်နဲ့ စစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က အတည်ပြုဆုံးဖြတ်လိုက်တာဟာ ရိုဟင်ဂျာ ပြည်သူများအတွက်သာမက တရားမျှတမှုနဲ့ငြိမ်းချမ်းရေးအတွက်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသူ အားလုံးအတွက် အရေးပါတဲ့အခိုက်အတန့်ဖြစ်ကြောင်း NUGယာယီသမ္မတဒူဝါလရှီးလကပြောကြားပြီး စစ်အုပ်စုဆက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်မှရိုဟင်ဂျာတွေ အတွက် တရားမျှတမှု အမှန်တကယ်ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်းလည်း ထပ်​လောင်း​ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ရက်က ICJ တရားရုံးရဲ့ ရိုဟာဂျာအရေးစီရင်ချက် အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတက အင်္ဂလိပ်ဘာသာနဲ့ မိန့်ခွန်းပြောကြားခဲ့ရာ NUG အနေနဲ့ ICJရဲ့ လုပ်ပိုင်ခွင့် အာဏာကို လေးစားလိုက်နာပြီး နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါတယ်

နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့လည်း ကတိကဝတ်တွေကိုအဓိပ္ပာယ်ပြည့်ဝတဲ့ လက်တွေ့လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲဖော်ဆောင်ရမယ့် အချိန်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘာမှ မလုပ်ဘဲနေတာဟာ ရွေးချယ်စရာနည်းလမ်းမဟုတ်တာကြောင့် နိုင်ငံတကာ အသိုက်အဝန်း ကုလသမဂ္ဂ အဖွဲ့အစည်းများနဲ့ စေတနာကောင်းရှိသူ အားလုံးအနေနဲ့ စစ်အုပ်စု ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက် တာဝန်ခံမှု ရှိစေရေးအားကောင်းအောင် ဆောင်ရွက်ပေးကြဖို့ ယာယီသမ္မတက တိုက်တွန်းပါတယ်။

“နိုင်ငံတကာ အသိုက်အဝန်း၊ ကုလသမဂ္ဂ (UN) အဖွဲ့အစည်းတွေ၊ စိတ်စေတနာ မှန်ကန်သူတွေ အားလုံးကို ကျွန်တော် တိုက်တွန်းချင်တာက ရာဇဝတ်မှု ကျူးလွန်သူတွေ ပိုပြီး ခိုင်ခိုင်မာမာ တာဝန်ယူလာရအောင် ဆောင်ရွက်ပေးကြပါ။ မြန်မာနိုင်ငံ အနှံ့က အရပ်သား ပြည်သူတွေကို ကာကွယ်ပေးကြပါ။ စစ်အုပ်

စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးဆိုးကြီးကို ဆုံးခန်းတိုင်သွားစေမယ့် ထိရောက်တဲ့ အရေးယူ ကိုင်တွယ်မှုတွေ ဆောင်ရွက်ပေးကြပါ”လို့သူက​တိုက်တွန်းပါတယ် ။

ဒါ့အပြင် စစ်အုပ်စုရဲ့ အကြမ်းဖက်မှု ဘေးဆိုးကြီးကို အပြီးတိုင် အဆုံးသတ်စေမယ့် ထိရောက်တဲ့အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကြဖို့ ထပ်လောင်းတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

“ICJရဲ့ ဆုံးဖြတ်ချက်ကို ကြားသိပြီးတဲ့အခါ အားလုံးဟာ စစ်အုပ်စုဆီကို လက်နက်တွေ စီးဝင်မှု၊ ပြည်သူတွေအပေါ် ရန်လိုတိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေတွေ ဆက်လက် ဆင်နွှဲနိုင်ဖို့ လေယာဉ်ဆီနဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ စီးဝင်မှုတွေကို ပိတ်ဆို့နိုင်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ကြဖို့ လိုပါတယ်။”လို့ယာယီသမ္မတကဆက်ပြောပါတယ်။

NUG အနေနဲ့ တရားရုံး တွေ့ရှိချက်အမိန့်တွေနဲ့ ထုတ်ပြန်ထားတဲ့ အမိန့်တွေ အကောင်အထည်ဖော်နိုင်ဖို့ ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံ နဲ့ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးပြီး တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်များကို သေချာစွာ သုံးသပ်လေ့လာပြီးနောက် နောက်ဆက်တွဲ ကြေညာချက်ကို ထုတ်ပြန်သွားမယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးတို့အပြင်လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးဖို့နဲ့ အပြစ်ပေးအရေးယူဖို့ နိုင်ငံတကာသဘောတူစာချုပ်ဝင်နိုင်ငံများရဲ့ တာဝန်ဝတ္တရားများ၊ အဓိပ္ပာယ်ပြည့်ဝသော တာဝန်ယူမှု တာဝန်ခံမှုရှိရေးနဲ့ နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံမဖြစ်ပွားစေရေး တားဆီးကာကွယ်ဖို့ ကတိကဝတ်တွေကိုလည်း ယာယီသမ္မတက ထပ်မံ ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာများ မူလနေရပ်များသို့ ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ မိမိတို့ ဆန္ဒအလျောက် ပြန်လည်နေထိုင်နိုင်ရေး ကိစ္စကို ကြိုဆိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အခြေခံ လူ့အခွင့်အရေးတွေကို အပြည့်အ၀ ကာကွယ်စောင့်ရှောက်ခြင်းဟာ တော်လှန်ရေးရဲ့ အခြေခံ အုတ်မြစ်ဖြစ်ကြောင်း အသိပေးခဲ့သလိုကတိကဝတ်တွေကို လက်တွေ့ဖော်ဆောင်နိုင်ဖို့ အတွက် ငြိမ်းချမ်းရေး လိုအပ်ကြောင်း ယာယီသမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် စစ်အုပ်စုက ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများကို အပြီးတိုင် အဆုံးသတ်နိုင်မှသာလျှင် ရိုဟင်ဂျာများအတွက် တရားမျှတမှုကို အမှန်တကယ် ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့ပြီးလက်ရှိမှာ စစ်အုပ်စုက ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေးနဲ့ အခြားသော ဒေသအသီးသီးရှိ ပြည်သူလူထုများကို တိုက်ခိုက်မှုတွေ ဆက်ကျူးလွန်နေကြောင်း အသိပေးပါတယ်။မင်းအောင်လှိုင်စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူ သန်းပေါင်းများစွာ နေရပ်စွန့်ခွာနေကြရတဲ့အခြေအနေကိုလည်း ယာယီသမ္မတက အသိပေးပါတယ်။ ဒါကြောင့် စစ်အုပ်စုကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ စစ်အုပ်စုရဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေမှုတွေကို အဆုံးသတ်ရမယ်လို့ ပြောကြားပါတယ်။

ဆက်စပ်သတင်းများ