နိုဝင်ဘာ-၂၀၊၂၀၂၆။အိမ်သွင်/People’s Spring
ဒေသတွင်း လက်ရှိစစ်ရေးအခြေအနေကြောင့် ရွှေဘို-မြစ်ကြီးနားလမ်း၊ ခင်ဦးမြို့နယ်အတွင်း လမ်းပိုင်းကို ပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ဝင် တစ်ဦးက ပြောပါတယ်။
ကန့်ဘလူမြို့နယ် ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းက ခင်ဦးမြို့နယ်ဘက်ကို ဝင်ရောက်လာနိုင်တဲ့အတွက် သတိပေးထားတာဖြစ်ပါတယ်။
” စစ်ရေးအခြေအနေရမို့လို့။ တစ်ခုခုဖြစ်လာခဲ့ရင် ပြည်သူတွေပိတ်မိပြီညနေမှာဆိုးလို့။ မြို့နယ်အစပ်တွေဘက်ကနေ ပိတ်ထားတာပါ”လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ် စစ်ကြောင်းရန်ကြောင့် ဒေသခံတွေလုံခြုံရေးသတိပြုကြဖို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၇ရက်မှာထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကိုပါ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
ကောလင်းမြို့နယ်ကနေ စစ်ကြောင်း ၂ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်တပ်ဟာ ချပ်သင်းနယ်ထဲကိုရောက်ရှိနေပြီး ဒေတာချင်းဆက်စပ်နေတဲ့ ခင်ဦးမြို့နယ်ကိုလည်းရောက်ရှိလာနိုင်တဲ့အတွက် ဒေသခံတွေရဲ့လုံခြုံရေးအစီအမံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
စစ်တပ် စစ်ကြောင်းက နိုဝင်ဘာ ၁၉ရက် မနက်ပိုင်းမှာ ချပ်သင်းကနေထွက်ပြီး ညနေပိုင်းမှာ ပြန်ဝင်သွားခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းမှာတော့ စစ်ကြောင်းလိုက်ပြန်ထွက်လာတယ်လို့ သတင်းရရှိပါတယ်။
” ကန့်ဘလူနယ်ထဲက အုန်းခြောက်လုံးရွာကိုရောက်နေတယ်။ သူတို့အထိုင်စခန်းကိုပြန်မဝင်သေးဘူး။ ဘာမဆိုဖြစ်နိုင်တဲ့အတွက် လမ်းပိုင်းလုံခြုံရေးသတိပေးချက်တွေထုတ်ပြန်ထားတာဖြစ်ပါတယ်”လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၉ရက်မှာတော့ ကန့်ဘလူမြို့နယ်မှာတိုက်ပွဲပြင်းထန်ခဲ့ပြီး မနက်ပိုင်းမှာ စစ်တပ်က Y12နဲ့ ဗုံး ၁၂လုံးကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်က တပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးကြွေးပြီး စစ်တိုက်ခိုင်းနေကာ မတိုက်သူတွေကို အချင်းချင်းပစ်မိန့်ပေးထားတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ အထိနာနေတဲ့ စစ်တပ်က ရွှေဘို-မြစ်ကြီးနား ကားလမ်းပိုင်းနဲ့ မီးရထားလမ်းတစ်လျောက် လေကြောင်းပစ်ကူယူ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အချိန်မီမတိမ်းရှောင်နိုင်တဲ့ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်တာတွေ ပြုလုပ်နေလို့ စစ်ရေးသတိအပြည့်ရှိကြဖို့လည်း တိုက်တွန်းထားပါတယ်။
ပြည်သူတွေထိခိုက်နစ်နာမှုနည်းပါးစေရန်အတွက် စစ်ဘက်-အရပ်ဘက် တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်၊ တာမြစ်ချက်တွေကို လိုက်နာကြဖို့လည်း ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

























































