နိုဝင်ဘာ-၂၀၊ ၂၀၂၆။ သော်မွန်/People’s Spring
မြန်မာနိုင်ငံက လူမျိုးသုဥ်းသတ်ဖြတ်မှု(genocide)ကျူးလွန်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ ဆုံးဖြတ်ချက်ဟာ မမျှတဘူးလို့ အာဏာသိမ်းစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်ပါတယ်။
ICJ ရဲ့အပြီးသတ်အမိန့်ကို နိုဝင်ဘာ ၁၉ရက် မနေ့ ညနေပိုင်းက ကြေညာခဲ့တာဖြစ်ပြီး စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာတော့ ICJ ရဲ့အမိန့်ချမှတ်မှုနဲ့ပတ်သက်လို့ ဖော်ပြခြင်း လုံးဝမရှိခဲ့ဘဲ ဒီနေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ICJ မှာ တရားစွဲဆိုခံရတာဟာ မတရားစွပ်စွဲခံရကြောင်း၊ ရုံးတော်ကို ဖြေရှင်းချက်တွေ အသေးစိတ်စနစ်တကျ လုပ်ခဲ့ကြောင်းနဲ့ ရုံးတော်က ချမှတ်တဲ့ အမိန့်တွေကိုလည်း လိုက်နာခဲ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အဲဒီပြောဆိုချက်တွေဟာ မနေ့က ICJ ဥက္ကဋ္ဌ တရားသူကြီးရဲ့ ရှင်းလင်းပြောကြားချက်များနဲ့ ကိုက်ညီမှု မရှိပါဘူး။

Public Service Announcement
ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆိုခဲ့မှုနဲ့ပတ်သက်လို့ မနေ့က(နိုဝင်ဘာ ၁၉ရက်)အပြီးသတ် အမိန့် ၁၃ ချက်ကို ချမှတ်ခဲ့ပါတယ်။ ICJ ရုံးတော်ရဲ့ ဆုံးဖြတ်ချက်အမိန့်(၁)က မြန်မာနိုင်ငံဟာ လူမျိုးသုဥ်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရားတွေကို ချိုးဖောက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုကျူးလွန်ကြောင်း တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၉ ဦးက သဘောတူပြီး ၆ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ဒါ့အပြင် ရုံးတော်ရဲ့ ဆုံးဖြတ်ချက်(၁၂)က မြန်မာနိုင်ငံဟာ လူမျိုးသုဥ်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂ ရဲ့ အကျုံးဝင်မှုအောက်မှာရှိတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်ဆိုင်ရာ သက်သေအထောက်အထားတွေ ဖျက်ဆီးခံရမှုကို တားဆီးဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ ထိရောက်တဲ့ အစီအမံတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့စွဲပါ ကြားဖြတ်အစီအမံ အမိန့် အပိုဒ် ၈၆ (၃) အောက်က တာဝန်ဝတ္တရားကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၁ ဦးက သဘောတူပြီး ၄ ဦးက ကန့်ကွက်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်(၁၂)ဟာ မြန်မာနိုင်ငံအနေနဲ့ တရားစွဲဆိုခံရအပြီး ရုံးတော်က ချမှတ်တဲ့ ကြားဖြတ်အစီအမံတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ကြောင်း ပေါ်လွင်စေပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကတော့ ICJ ရဲ့ တရားသူကြီး ၁၅ဦးစလုံးက တညီတညွတ်တည်း ဆုံးဖြတ်ချက် မဟုတ်ကြောင်းနဲ့ Fair(မျှတမှု)မဖြစ်ဘူးလို့ ပြောလိုကြောင်း ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ သူတို့ရဲ့သဘောထားကို နိုင်ငံပိုင်သတင်းစာတွေမှာ ချက်ချင်း မထုတ်ပြန်တာဟာ သတင်းအနေနဲ့ ဖော်ပြရင် သူတို့ သိက္ခာကျတယ်လို့ ယူဆကြပုံရကြောင်း သတင်းစာဆရာတစ်ဦးက မှတ်ချက်ပြုပါတယ်။ ဒါပေမဲ့ အနှေးနဲ့ အမြန် တချိန်ချိန်မှာ တစ်ခုခု ပြောရမှာ ဖြစ်ပြီး ပြည်သူတွေကတော့ အစကတည်းက စစ်တပ်ထိန်းချုပ်သတင်းစာတွေကို မယုံကြည်တာကြောင့် အဲဒီသတင်းစာတွေမှာ မဖော်ပြတာဟာ သိပ်မထူးလှဘူးလို့ သူက ဆက်ပြောပါတယ်။
“ကျွန်တော်ထင်တာကတော့ ကန့်ကွက်တဲ့၊ လက်မခံတဲ့ပုံစံလည်း သူတို့(စစ်တပ်ထိန်းချုပ်)သတင်းစာတွေမှာ သိပ်မဖော်ပြရဲဘူး။ ကုလရဲ့အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်ချက်ဖြစ်နေတာကိုး”လို့ သတင်းစာဆရာက ပြောပါတယ်။
လတ်တလော အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က သူ့ကိုယ်သူ တရားဝင်အစိုးရသဖွယ် ပွဲအမျိုးမျိုးကျင်းပပြီး နိုင်ငံတကာခရီးတွေ သွားပြကာ ဂုဏ်သိက္ခာတက်ဖို့ ကြိုးစားနေချိန် အခုလို သတင်းဆိုးမျိုးကို သေချာပေါက် အမှောင်ချထားမှာပဲဖြစ်တယ်လို့ နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက စစ်တပ်ထိန်းချုပ်သတင်းစာတွေမှာ ICJ ရဲ့ အမိန့်ချသတင်း မပါရှိတာနဲ့ပတ်သက်လို့ မှတ်ချက်ပြုပါတယ်။
“ဒီလို အင်တာနက်ခေတ်ထဲမှာ ပြည်သူကို သတင်းအမှောင်ချထားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးဆိုတော့ အခုလို သတင်းစာတွေ မှာ ICJ ရဲ့ ဆုံးဖြတ်ချက်သတင်းကို မဖော်ပြနိုင်ဖြစ်ရတာဟာ မင်းအောင်လှိုင် အာဏာသိမ်းအစိုးရရဲ့ နာကျင်မှု၊ မကျေနပ်မှု၊ အကျပ်ရိုက်မှုတွေကို အသံတိတ် ဖော်ပြနေတယ်လို့ ပြောရမှာပေါ့။ အမှန်တော့ ရိုဟင်ဂျာပြဿနာကို ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ဖဲသဘောမျိုး စစ်တပ်က မွေးလာခဲ့ တာပဲ။ ICJ မှာ ဒေါ်အောင်ဆန်းစုကြည်က ကနဦး စပြီး ရင်ဆိုင်ခဲ့တာ ၊ အခုလို တကယ် အဆုံးဖြတ်ပေါ်ပေါက်တဲ့ အချိန်က သူ့ လက်ထဲမှာ အာဏာလုထားတဲ့ အချိန်ဖြစ်နေလေတော့ သူလည်း လူထုကို မှန်မှန် ကန်ကန် ချပြဖို့ အခက်တွေ့နေတာပဲ”လို့ နိုင်ငံရေးစောင့်ကြည့်သူက ပြောပါတယ်။
ICJ ချမှတ်လိုက်တဲ့အမိန့်ရဲ့ အကျိုးဆက်ကို မြန်မာလူထု ကိုယ်တိုင် ရင်ဆိုင်ရမှာဖြစ်နေတော့ မင်းအောင်လှိုင်အနေနဲ့ သူ့ စစ်တပ်က လုပ်ခဲ့တဲ့ ကိစ္စကို တာဝန်ယူမှု တာဝန်ခံမှုရှိရှိ တိုင်းပြည်ကို တောင်းပန်ဖို့လိုကြောင်းလည်း သူက တိုက်တွန်းပါတယ်။
ဒါပေမဲ့ ICJ က အမိန့်ချမှတ်ပြီးပြီးချင်းမှာပဲ စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတော့ ဘယ်လိုပဲ ဆုံးဖြတ်ချက် ချချ ဆက်ပြီးမလုပ်ဘဲ ကိုယ့်အချုပ်အခြာအာဏာအတိုင်း ရပ်တည်သွားမှာ ဖြစ်ကြောင်းနဲ့ ဂရုစိုက်စရာမရှိကြောင်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် ကုလသမဂ္ဂရဲ့တရားရုံးတော်ရဲ့ အမိန့်ချမှုဟာ ဥပဒေအရ စည်းနှောင်မှု ရှိပါတယ်။ တကယ်လို့ မြန်မာနိုင်ငံအနေနဲ့ ရုံးတော်ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်မှုရှိလာရင် ဂမ်ဘီယာအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်ပြပြီး လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ခွင့်ရှိပါတယ်။
ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုရာမှာ ဂမ်ဘီယာနိုင်ငံအတူ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ ဗြိတိန်တို့အပြင် မော်လ်ဒိုက်၊ ကနေဒါ၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်၊ ဆလိုဗေးနီးယား၊ ဒီမိုကရက်တစ်ကွန်ဂို၊ ဘယ်လ်ဂျီယံနဲ့ အိုင်ယာလန် နိုင်ငံတို့လည်းတရားဝင် ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံက လူမျိုးသုဥ်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ ICJ မှာ စတင်တရားစွဲဆိုခဲ့ပြီး ၇ နှစ်ကျော်အကြာမှာ အပြီးသတ်အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ ICJက နိုင်ငံတစ်နိုင်ငံအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း အမိန့်ချမှတ်တာဟာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့မှတ်တမ်းဝင်ခဲ့ပါတယ်။

























































