Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ရခိုင်ပြည်နယ်ကို ဖျက်ဆီးတဲ့လူတွေ (စစ်တပ်) ကို ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ လူမှုဘဝ သာယာပြီးနေတာကို အားလုံး လူမျိုးတိုင်းကို ဒုက္ခရောက်အောင် လုပ်ပစ်လိုက်တယ်”

ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာ ရပ်မိရပ်ဖတစ်ဦးနဲ့ မေးမြန်းခန်း

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေနဲ့ ပက်သက်လို့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ အမှုကို ခုနစ်နှစ်အကြာမှာ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း၊ နောက်ထပ် မကျူးလွန်ဖို့ ခိုင်မာတဲ့ အာမခံချက် ပေးဖို့၊ ရိုဟင်ဂျာတွေကို မူလနေရာမှာ ပြန်လည် ထူထောင်ပေးရေး အစီအမံတွေ ချမှတ်ဖို့၊ လျော်ကြေး ပေးဖို့ စတဲ့ အချက်တွေ အပါအဝင် ဆုံးဖြတ်ချက် ၁၃ ချက်ကို ကုလသမဂ္ဂရဲ့ တရားရုံး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ICJ ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အမြင်၊ ရိုဟင်ဂျာတွေ မူလ နေထိုင်ခဲ့တဲ့ ရခိုင် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှာ ဘယ်လို ပြန်ပြီး နေရာချထားသင့်လဲ၊ လူမျိုးတုံး ကျူးလွန်ခဲ့သူတွေကို ဘယ်လို အရေးယူသင့်လဲ စတာတွေကို ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ် ကျေးရွာမှ ရိုဟင်ဂျာ ရပ်မိရပ်ဖတစ်ဦးကို People’s Spring က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဆက်သွယ် မေးမြန်းထားပါတယ်။

— ခိုင်မြတ် / People’s Spring

မေး — မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီးတော့ ICJ အမိန့် ချလိုက်တယ်။ နောက်ဆက်တွဲ အနေနဲ့ ရိုဟင်ဂျာတွေကို မူလနေရာမှာ ပြန်ထားပြီး ပြန်လည် ထူထောင်ရေး လုပ်ပေးရမယ်၊ လျော်ကြေး ပေးရမယ်ဆိုပြီးတော့လည်း ပါတယ်။ အဲဒီအပေါ် ဒေသခံ ရိုဟင်ဂျာတစ်ဦး အနေနဲ့ ဘယ်လို မြင်ပါလဲ။

ဖြေ — အဲဒီမှာ လူအများစု နေထိုင်ကြတာက ရခိုင်နဲ့ မူဆလင်ပေါ့၊ ရိုဟင်ဂျာပေါ့။ အဲဒီ နှစ်မျိုးစလုံးဟာ သဟဇာတ၊ ပူးပေါင်းပြီး နေထိုင်ဖို့ဆိုရင် နှစ်ဖွဲ့စလုံးအတွက် ကောင်းတယ်လို့ မြင်တယ်။ ကျွန်တော်ကတော့ အဲလို မြင်တယ်။ နောက်တစ်ခုက ICJ က ဆုံးဖြတ်ချက် ချတယ်ဆိုပေမယ့် မြန်မာအစိုးရ (စစ်အုပ်စု) က လိုက်နာမယ်လို့ ကျွန်တော်က မထင်ဘူး။ မလိုက်နာရင်လည်း ICJ က သူတို့ တစ်ဦးချင်းကို အရေးယူလို့ မရဘူးလို့လည်း ပြောသံ ကြားတယ်။ လူတွေ ပြောတာလေ။ အဲလိုဆိုတော့ လိုက်နာဖို့ အခြေအနေတော့ မမြင်ဘူး။ ဒါပေမယ့် တစ်မျိုးတဖုံတော့ ပြောင်းလာမလား၊ မပြောင်းလာဘူးလားဆိုတာ ပြောဖို့ကတော့ စောသေးတယ်။ စောင့်ကြည့်ရမှာပေါ့။ ရှေ့ဆက်ပြီးတော့ ဘယ်လို ဖြစ်လာမလဲ။ အဲဒါက နိုင်ငံရေး ကိစ္စဆိုတော့ နိုင်ငံရေး လောကထဲမှာ ရှိနေတဲ့သူတွေကတော့ ကျွန်တော်တို့ထက် ပိုသိ၊ ပိုနားလည်မှာပေါ့လေ။

Public Service Announcement

Public Service Announcement

မေး — ရိုဟင်ဂျာတွေကို လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်တယ်၊ နောက်နောင် မကျူးလွန်ဖို့ အာမခံရမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက် ချလိုက်တာပေါ့။ ဒီဆုံးဖြတ်ချက်၊ စီရင်ချက်အပေါ်မှာရော ဘယ်လို သဘောရပါလဲ။

ဖြေ — ရိုဟင်ဂျာကိုလည်း လူမျိုးတုံး သတ်တယ်။ ပြီးရင် ရခိုင်ကိုလည်း သတ်တယ်ပေါ့နော်။ ရခိုင်ကိုလည်း မသတ်တာမှ မဟုတ်တာ။ အခု ရခိုင်သားတွေဆိုလည်း ကြည့်လိုက်လေ ရခိုင်ပြည်နယ်မှာဆိုရင် ရခိုင်သားကော၊ ဘာကော အားလုံးကို (စစ်တပ်က) သတ်တယ်။ အဲဒါကလည်း ပြောမယ်ဆိုရင် လူမျိုးတုံး သတ်ဖြတ်မှုလို့ ဆိုရမှာပေါ့။

အမိန့်ချတာကတော့ ကျွန်တော်တို့ ရိုဟင်ဂျာ လူမျိုးတစ်မျိုးတည်းအတွက် ကောင်းတာ မဟုတ်ဘူး၊ မြန်မာနိုင်ငံမှာ ဒုက္ခရောက်နေကြတဲ့ လူမျိုးအားလုံးအတွက် ကောင်းတယ်လို့ မြင်တယ်။ ဒါက အစပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူမျိုးတစ်မျိုးတည်းကို ဒုက္ခပေးတာ မဟုတ်ဘူး။ နောက်ဆက်တွဲ ဒုက္ခပေးလာတာတွေ အများကြီး ရှိတယ်လေ။

မေး — ICJ ရဲ့ ဆုံးဖြတ်ချက်ထဲမှာ ရိုဟင်ဂျာတွေကို မူလနေရာမှာ ပြန်ထားရမယ်၊ ပြန်လည် ထူထောင်ရေး လုပ်ရမယ်လို့ ပါတယ်။ ဒါပေမယ့် လက်ရှိမှာက ရိုဟင်ဂျာတွေ မူလ နေထိုင်ခဲ့တဲ့ ဘူးသီးတောင်၊ မောင်တောကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတယ်။ ဆိုတော့ ဒီ ပြန်လည် လက်ခံရေး ကိစ္စကို ဘယ်လို လုပ်သင့်တယ်လို့ ထင်ပါလဲ။

ဖြေ — ကျွန်တော်တို့က ပြောမယ်ဆိုရင် အဲဒီမှာ အဘိုး၊ အဘွား လက်ထက်ကတည်းက နေလာတာက ရခိုင်နဲ့ ကျွန်တော်တို့ မူဆလင် အများစု။ အဲဒီ နှစ်မျိုးစလုံး ပူးပေါင်းပြီးတော့ သဟဇာတ လုပ်ပြီးတော့ ရေရှည် တည်တံ့ ခိုင်မြဲရေး နေနိုင်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာအစိုးရ (စစ်အုပ်စု) က အစစအရာရာ ကျွန်တော်တို့ကို ပြဿနာ ဖန်တီးခဲ့တယ်။ အဲဒါကို ဆယ်နှစ်၊ ဆယ့်ငါးနှစ်ကြာမှ သူတို့ ဖန်တီးခဲ့တဲ့ ပြဿနာတွေကို ပြန်တွေ့တာပါ။ အဲဒီမှာ အားလုံး ရခိုင်သားတွေလည်း ဒုက္ခရောက်နေသလို ကျွန်တော်တို့ ရိုဟင်ဂျာတွေလည်း ဒုက္ခရောက်နေပြီ။ အဲဒါကို (AA က) ခွဲထွက်ပြီးတော့ နေနိုင်ရင် ပိုပြီး အဆင်ပြေမယ်လို့ ကျွန်တော်က မြင်ပါတယ်။ ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောတာပါ ကျွန်တော်က။

မေး — အခုက ဘူးသီးတောင်၊ မောင်တောကို AA က ထိန်းချုပ်ထားတာဆိုတော့ AA အုပ်ချုပ်မှုအောက်မှာ ရိုဟင်ဂျာတွေ ပြန်ဝင်လာမယ်၊ ပြန်နေကြမယ်ဆိုရင်ရော အဆင်ပြေနိုင်မယ်လို့ ထင်လား။ ဘယ်လို မြင်ပါလဲ။

ဖြေ — ပြေတယ်၊ အဆင်ပြေမယ်လေ၊ အဆင်ပြေမယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် နှစ်ဖက်စလုံးက နိုင်ငံရေးသမားတွေ၊ လူကြီးလူကောင်းတွေကနေပြီးတော့ ထိုင်ပြီးတော့ ညှိနှိုင်း၊ ဆွေးနွေး တိုင်ပင်ပြီးတော့ ပြေလည်သွားမယ် ဆိုလို့ရှိရင် ရက္ခိုင့်တပ်တော် AA ကနေပြီးတော့ လက်ခံပေးမယ် ဆိုလို့ရှိရင် ပိုပြီးတော့ အဆင်ပြေမယ်လို့တော့ မြင်ပါတယ် ကျွန်တော်က။

မေး — အာဏာသိမ်း စစ်တပ် လက်ထက်နဲ့ အခု AA လက်ထက် ဘာတွေ ကွာခြားမှု ရှိပါလဲ။

ဖြေ — ကွာခြားချက်က အများကြီး ရှိပါတယ်။ အခု တချို့တလေက ကျွန်တော်တို့ ရိုဟင်ဂျာ လူမျိုးတွေ နည်းနည်းပါးပါး ဒုက္ခရောက်နေတာတွေ ကြားတာတွေလည်း ရှိပါတယ်။ တချို့တလေပါ အားလုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ (စစ်တပ်) လုပ်တာနဲ့ ရက္ခိုင့်တပ်တော် လုပ်တာနဲ့ အများကြီး ကွာခြားချက် ရှိတယ်လို့ ပြောရမယ်။

မေး — ဘာတွေ ကွာခြားတာလဲ။

ဖြေ — ကွာတာက စစ်အစိုးရက အစစအရာရာ ၁ ကနေ ၁၀၀ အထိ အားလုံးကို ကန့်သတ်ထားတာပါ သူတို့။ ရက္ခိုင့်တပ်တော်က အဲလို မဟုတ်ဘူး။ စိစစ်ပြီးတော့ အပြစ်ရှိတဲ့လူကို အပြစ်ပေးပါတယ်။ တချို့တလေက မတော်တဆ ဖြစ်ချင်လည်း ဖြစ်မယ်၊ မှားယွင်းတာလည်း ဖြစ်ချင်ဖြစ်မယ်၊ လူဆိုတော့ မှားတာလည်း ရှိမှာပဲ၊ အဲဒါကိုလည်း ကျွန်တော်တို့ လက်ခံပေးတယ်။ အဲလိုမျိုး ဒုက္ခရောက်နေတာတွေလည်း နည်းနည်းတော့ ရှိပါတယ်။ အများတော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ (အာဏာသိမ်း စစ်တပ်) လုပ်တာလောက်တော့ မရှိဘူး။

မေး — ICJ ရဲ့ ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်လို့ ပါတယ်။ သူတို့ကတော့ နိုင်ငံကို ပြောတာပေါ့။ ဆိုတော့ တကယ့်တကယ်တမ်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တာက ဘယ်သူတွေလဲ။

ဖြေ — သူတို့ (စစ်တပ်) လုပ်တာလေ ပြည်သူလူထုက လုပ်ခဲ့တာမှ မဟုတ်တာ၊ အစိုးရ (စစ်တပ်) တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဒုက္ခပေးတာကိုး။

မေး — ဒီ လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်တဲ့သူတွေကို ဘယ်လို အရေးယူစေချင်လဲ၊ နိုင်ငံတကာကို ဘာတွေ ပြောချင်ပါလဲ။

ဖြေ — နိုင်ငံတကာက ဘယ်လိုပဲ လာလာ ကျွန်တော်တို့မှာ လုပ်ရမယ့်ဟာက ကိုယ့် ရခိုင်ပြည်နယ် လွတ်မြောက်ဖို့ဟာ သုံးမြို့နယ်ပဲ ကျန်တော့တယ်။ စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူဆိုပြီးတော့ သုံးမြို့ပဲ ကျန်တော့တယ်။ အဲဒီ သုံးမြို့နယ်ကို တစ်ခါတည်း တစ်ပြိုင်တည်း မူဆလင်၊ ရိုဟင်ဂျာ အဲဒီမှာ ရှိတဲ့ လူမျိုး ၈ မျိုး ရှိရင် အဲဒီ ၈ မျိုးစလုံး သီးခြား တော်လှန်နိုင်ရင် ပိုပြီးတောင် အဆင်ပြေမှာပါ။ ကျွန်တော်ကတော့ အဲလိုပဲ ပြောချင်ပါတယ်။

မေး — လက်ရှိမှာ ဘူးသီးတောင်၊ မောင်တောမှာ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေ ရှိနေတယ်။ ရခိုင်ပြည်ထဲမှာလည်း တိုက်ပွဲတွေ ရှိနေတယ်ဆိုတော့ ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံရေး လုပ်ဖို့က ချောမွေ့မှာ မဟုတ်ဘူးလို့ ပြောကြတာရှိတယ်။ ဦးလေး အနေနဲ့ရော ဘယ်လို မြင်ပါလဲ၊ ပြန်လည် လက်ခံရေးကို ဘယ်အချိန်မှာ ဘယ်လို လုပ်သင့်တယ်လို့ မြင်ပါလဲ။

ဖြေ — အဆင်ပြေဖို့ဟာက ဒီလို ရှိတယ်။ ရိုဟင်ဂျာမှာလည်း လူကြီးလူကောင်းတွေ ရှိတယ်။ ရခိုင်မှာလည်း အဲလို လူကြီးလူကောင်းတွေ ရှိတယ်။ အဲဒီ နှစ်ဖက်လုံးကနေပြီးတော့ ဘယ်လို လုပ်ရင် ပိုပြီး သင့်တော်မယ်ဆိုတဲ့ နည်းလမ်းကို ရှာပြီးတော့ လုပ်ရမယ်။ ကျွန်တော် အဲလို ထင်ပါတယ်။ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းတွေပါ၊ အဲဒါတွေကို သူတို့ကို ထည့်ပြောလို့ မရဘူး ကျွန်တော်တို့က။ ကျွန်တော်တို့ လူထုက လက်မခံရင် သူတို့ ဘာမှ လုပ်လို့ မရဘူး။

မေး — ARSA၊ RSO၊ ARA စတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေ ရှိတာပေါ့။ အဲဒီ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေကို စစ်တပ်ကပဲ လက်နက်တွေ ထောက်ပံ့ပေးထားတယ်။ စစ်တပ်နဲ့ ပူးပေါင်းနေတယ်လို့ ပြောကြတာရှိတယ်။ ဦးလေးတို့ အနေနဲ့ရော အဲဒီအဖွဲ့တွေကို ဘယ်လို မြင်ပါလဲ။

ဖြေ — ကျွန်တော်တို့ကလည်း အဲဒီလို မြင်တာပဲလေ။ တခြား အဖွဲ့တွေကိုတော့ ကျွန်တော် မသိဘူး။ အဲဒီ ARSA နဲ့ စစ်တပ်နဲ့ ပေါင်းပြီးတော့ တိုက်ပွဲဝင်နေတာကို ကျွန်တော် ကိုယ်ကိုယ်တိုင် မျက်စိနဲ့ မြင်နေပါသေးတယ်။

မေး — ARSA အပါအဝင် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေကို ဘူးသီးတောင်၊ မောင်တော ဒေသခံ ရိုဟင်ဂျာတွေက ဘယ်လို သဘောထားကြလဲ။

ဖြေ — သူတို့က အနှောင့်အယှက် ပေးတာပဲ ရှိတယ်။ အကောင်းလုပ်တာ ဘာတစ်ခုမှ မရှိဘူး။ ဘယ်လို အနှောင့်အယှက် ပေးလည်းဆိုရင် ကျွန်တော်တို့ လူတွေကိုလည်း အတင်းအဓမ္မ (သူတို့ တပ်ဖွဲ့ဆီ) သွင်းတယ်။ ရိုက်တယ်၊ နှက်တယ်၊ ငွေကြေးတွေ တောင်းယူတယ်။ အဓမ္မ ဓားပြတိုက် ယူသလိုပေါ့။ ရိုဟင်ဂျာတွေကိုလည်း အဲလို လုပ်တယ်။ ရခိုင်သားတွေကိုလည်း အဲလို လုပ်တယ်။ အဲလို လုပ်တာမျိုးကို ကျွန်တော်တို့ အဆက်အသွယ်လည်း မလုပ်၊ ပြောလည်း မပြော၊ ကျွန်တော်တို့ ထောက်လည်း မထောက်ခံဘူး။

မေး — စစ်တပ်က ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ ရိုဟင်ဂျာ တစ်သောင်းဝန်းကျင်ကို သတ်ဖြတ်ခဲ့တယ်၊ မုဒိမ်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကား နှောင့်ယှက်တာတွေ လုပ်ခဲ့တယ်လို့ ICJ က ပြောတယ်။ အဲဒီလို လုပ်ခဲ့တဲ့သူတွေကို ဘယ်လို အရေးယူစေချင်လဲ။

ဖြေ — အဲဒါက ကျွန်တော်တို့ ပြောမယ်ဆိုရင် အရေးယူမယ့်ဟာက ဖြစ်မယ်လို့ ကျွန်တော် မထင်ဘူး။ ဘာလို့လည်းဆိုရင် အခု ဆုံးဖြတ်ချက် ထွက်တဲ့နေရာ (ICJ) ကနေ အဲဒီ ပုဂ္ဂိုလ်တွေ (ကျူးလွန်ခဲ့တဲ့ စစ်အုပ်စု) ကို အရေးယူလို့ မရဘူးလို့ ကျွန်တော်တို့ ကြားတယ်။ အရေးယူမယ်ဆိုရင် တခြား ICC တို့၊ တရားရုံးတွေက ဝရမ်းတွေ ဘာတွေ ထုတ်ရင် ထုတ်နိုင်တယ်ပေါ့။

ကျွန်တော်ကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို ဖျက်ဆီးတဲ့လူတွေ (စစ်တပ်) ကို ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ လူမှုဘဝ သာယာပြီးနေတာကို အားလုံး လူမျိုးတိုင်းကို ဒုက္ခရောက်အောင် လုပ်ပစ်လိုက်တယ်။ တစ်ခါတည်း သူတို့က။ အဲလို လုပ်တာကို ကျွန်တော်တို့က လုံးဝ မခံမရပ်နိုင်ဖြစ်တယ်။ ကျွန်တော်တို့မှာ လုပ်စားမယ့် အလုပ်လည်း မရှိဘူး၊ စားဝတ်နေရေးလည်း အဆင်မပြေ၊ အဲဒီ ဒုက္ခတွေကို ဘာလို့ ခံနေရတာလည်းဆိုရင် သူတို့ကြောင့် ခံရတာကျွန်တော်တို့က။ အခု ကျွန်တော်တို့ ခံနေရသလို ရခိုင်သားတွေလည်း အများကြီး ခံနေရတယ်။ သူတို့ (ရခိုင်သားတွေ) လည်း အဲလို ပြောနေကြပါတယ်။

ဆက်စပ်သတင်းများ