နိဝင်ဘာ-၂၁၊၂၀၂၆။ရောင်နီ/People’s Spring
စံချိန်တင်ဈေးတက်နေတဲ့ ကြက်သွန်နီဈေးဟာ ကုန်စည်ဒိုင်တွေမှာဈေးကျလာပေမယ့် လက်လီရောင်းချသူတွေအနေနဲ့တော့ ၁ ပိဿာ ကျပ် ၂သောင်းကျော်နဲ့ ရောင်းချနေဆဲဖြစ်ပါတယ်။
“ငါးဆယ်သားကို ၁၁၀၀၀ ၊ တစ်ပိဿာကို ၂၂၀၀၀” လို့ ကမာရွတ်မြို့နယ်က ကုန်သည်တစ်ဦးက လက်ရှိ ရောင်းချနေတဲ့ ကြက်သွန်နီဈေးကို ပြောပါတယ်။
ကြက်သွန်နီက အောက်တိုဘာမှာ ကျပ် ၁သောင်းကျော် အထိ ဈေးမြင့်တတ်ခဲ့ပြီး နိုဝင်ဘာလဆန်းမှာတော့ ကျပ် ၂သောင်းကျော်အထိ မြင့်တက်ခဲ့တာပါ။

Public Service Announcement
“အရင်ဈေးလောက်အထိတော့ မကျသေးပါဘူး။ တကယ်လိုမှပဲဝယ်ကြပါ။ တဖြည်းဖြည်းတော့ကျလာမယ်ထင်ပါတယ်” လို့ အွန်လိုင်းကနေ အိမ်သုံးစားသောက်ကုန်ရောင်းချသူတစ်ဦးကပြောပါတယ်။
နိုဝင်ဘာ ၂၀ရက်က ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဈေးမှာ ကြက်သွန်နီအမျိုးအစားအလိုက် ၁ ပိဿာကျပ် ၁သောင်းကနေ ကျပ် ၁သောင်းခွဲအထိ ရောင်းချနေတာဖြစ်ပြီး ဒီရက်ပိုင်းမှာ ၅ထောင်ကျပ်နီးပါး ဈေးပြန်ကျသွားတာဖြစ်ပါတယ်။
“ကြက်သွန်နီကလိုင်းပေါ်မှာပဲ ဈေးကျတာ ။ ဒီမှာဈေးမကျသေးဘူး။ အခုယူချင်ရင် ၁၈၀၀၀ ဈေးနဲ့ရမယ်။” လို့ လှိုင်မြို့နယ်မှာ ကြက်သွန်နီ အသေးအရွယ်အစားကိုရောင်းချသူတစ်ဦးကပြောပါတယ်။
ကြက်သွန်နီတွေဈေးတက်လာတာက နယ်ဈေးကွက်မှာ ပစ္စည်းနည်း ၊ အသစ်စိုက်တဲ့ ကြက်သွန်နီစိုက်ဧကလျော့ကျတာ နဲ့ ပြည်ပကိုရောင်းချနေတာကြောင့် ဖြစ်နိုင်တယ်လို့ ကုန်စည်ဒိုင်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ကြက်သွန်နီဈေးတက်တာက ကုန်လှောင်နိုင်တဲ့ ဒိုင်အကြီးတွေက လိုသလိုဈေးကစားနေတာကြောင့် ဖြစ်တာလို့ ပြည်သူတွေကသုံးသပ်ထားကြပါတယ်။
လက်ရှိမှာ ကြက်သွန်နီ အသစ်တွေလည်း ဈေးကွက်ကို စတင်ဝင်ရောက်လာပြီဖြစ်ပြီး ဈေးလည်းတဖြည်းဖြည်းကျလာနိုင်တာကြောင့် မလိုအပ်ပဲ အများအပြားဝယ်ယူစုဆောင်းတာတွေမလုပ်ဖို့ ပြည်သူတွေ အချင်းချင်းတိုက်တွန်းထားကြပါတယ်။

























































