Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်တွေ ဂီတပညာသင်ကြားပေးနေတဲ့ DOC သင်တန်းကျောင်းရဲ့ဂီတသင်ကြားရေးဆရာ ဟင်နရီကိတု စစ်တပ်ရဲ့ လက်နက်ကြီးထိမှန်သေဆုံး

စစ်ဘေးရှောင်တွေကို အသက်မွေးဝမ်းကြောင်းပညာအခမဲ့ သင်ကြားမျှဝေနေတဲ့ DOC သင်တန်းကျောင်းရဲ့ဂီတသင်ကြားရေးဆရာ ဟင်နရီကိတုဟာ စစ်တပ်ရဲ့ လက်နက်ကြီး ထိမှန် သေဆုံးခဲ့ရပါတယ်။

(စစ်တပ်ရဲ့ လက်နက်ကြီးထိမှန် သေဆုံးတဲ့ ဟင်နရီကိတု။ ဓာတ်ပုံ - Drop of Change - DOC)

နို၀င်ဘာ-၂၁၊၂၀၂၆။ဇော်၀င်း/People’s Spring

စစ်ဘေးရှောင်တွေကို အသက်မွေးဝမ်းကြောင်းပညာအခမဲ့ သင်ကြားမျှဝေနေတဲ့ DOC သင်တန်းကျောင်းရဲ့ဂီတသင်ကြားရေးဆရာ ဟင်နရီကိတုဟာ စစ်တပ်ရဲ့ လက်နက်ကြီး ထိမှန် သေဆုံးခဲ့ရပါတယ်။

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်နောက်ဘက်ခြမ်းကို စစ်တပ်က နို၀င်ဘာ ၂၀ ရက် ည ၆ နာရီခွဲ၀န်းကျင်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် DOC ရဲ့ အမှုဆောင်ကော်မတီဝင်ဖြစ်သူ ဟင်နရီကိတု ထိမှန် သေဆုံးခဲ့ရတာလို့ သိရပါတယ်။

“ဆရာဟက်နရီကိတုရဲ့ ဖြစ်စဉ်ကို ကျောင်းက ထုတ်ပြန်ချက် ထုတ်ဖို့ ရှိပါမယ်”လို့ DOC တာ၀န်ရှိသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မနေ့ကညပိုင်းမှာ ဒီးမော့ဆိုအနောက်ခြမ်းကိုစစ်တပ်က အသေခံဒရုန်းတွေနဲ့တိုက်ခိုက်မှုရှိခဲ့တယ်လို့ ကရင်နီစစ်ရှောင်ကူညီရေးအဖွဲ့တချို့က ထုတ်ပြန်ပါတယ်။

“မနေ့က ထိတာက မင်္ဂလာပွဲအခမ်းအနားပြင်ဆင်နေတဲ့အချိန် ဖြစ်တာ။ပြီးခဲ့တဲ့ရက်တွေကလည်း တောက်လျှောက်တိုက်ခံရတယ်။ပြည်သူနဲ့ စစ်ရှောင်ကိုအဓိက ပစ်မှတ်ထားတိုက်နေတာ။ ဘုရားကျောင်း နှစ်ကျောင်း၊ဆေးခန်း ၁ နဲ့ စာသင်ကျောင်းတွေ အသေခံဒရုန်းနဲ့တိုက်ခံထားရတယ်”လို့ ဒီးမော့ဆိုမြို့ခံတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၈ရက်ကလည်း ဒီမောဆိုအနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းကို စစ်တပ်ရဲ့ အသေခံဒရုန်းတိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် စာသင်ကျောင်းတွေ ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က သူတို့ရဲ့ထိန်းချုပ်မှုနယ်မြေတွေအတွင်း ပြည်သူတွေ ပြန်လာအောင် အရပ် သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာအတွင်းစစ်တပ်ရဲ့ လေကြောင်း၊ဒရုန်း နဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ပြည်သူ ၂၆ ဦး သေဆုံးခဲ့ရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ဒေသခံပြည်သူ ၂သိန်းကျော်ပဲရှိတဲ့ လူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်တဲ့ ကရင်နီပြည်မှာ နေရပ်စွန့်ခွာနေရတဲ့ ပြည်သူ ၁ သိန်းခွဲ၀န်းကျင်ရှိပြီး စစ်ရှောင်စခန်း ၅၀၀ ကျော်မှာ နေထိုင်နေရတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

Facebook