နိုဝင်ဘာ-၂၁၊၂၀၂၆။သုည/Peoples Spring
အသက် ၂၀ နှစ်အောက် ပြည်တွင်းလူငယ်လိဂ် (M League) ဘောလုံးပြိုင်ပွဲမှာ စစ်တပ်ပိုင် မြ၀တီအသင်းနဲ့ ရဲအသင်း သစ္စာအားမာန်တို့ ပွဲချိန်အတွင်း နှစ်ဖက်ကစားသမားတွေ ရန်ဖြစ်ထိုးကြိတ်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၂၀ ရက်က ရန်ကုန်တိုင်း သန်လျင်မြို့ သီဟဒီပကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ လူငယ်လိဂ်ပွဲစဉ် ဒုတိယပိုင်းမှာ မြ၀တီအသင်း ကစားသမားတစ်ဦးနဲ့ သစ္စာအားမာန်အသင်း ကစားသမားတစ်ဦးတို့ ဘောလုံးယှဉ်လုရင်း ရန်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။
တစ်ဦးနဲ့ တစ်ဦး လက်ဖြင့်တွန်းထိုးနေစဉ် နှစ်ဖက်ကစားသမားတွေ ဝင်ရောက်လာကာ လက်သီးနဲ့ ထိုး၊ ခြေနဲ့ကန်ခြင်းတွေအထိ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တယ် လို့ သွားရောက်ကြည့်ရှုခဲ့သူ ဘောလုံးပရိသတ်တစ်ဦးက ဆိုပါတယ်။

Public Service Announcement
“ဖြစ်တာကတော့ ပထမပိုင်းထဲက နှစ်ဖက်ကစားသမားတွေက နည်းနည်းညှိချင်နေတာပါ။ ကစားတာ ကြမ်းတာလည်း ပါတယ်။ ဒုတိယပိုင်းအစမှာတော့ ဘောလုံးလုရင်း မြ၀တီက ကစားသမားကို သစ္စာအားမာန် ကစားသမားက လက်သီးနဲ့ ထိုးတာကနေ စတာပါ။ နောက်တော့ နှစ်ဖက်ကစားသမားတွေ ဝင်လာရင်း ထိုးတဲ့သူက ထိုး ပြေးကန်တဲ့သူက ပြေးကန်နဲ့ တော်တော် ရုပ်ပျက်ဆင်းပျက်နိုင်ပါတယ်။ ဒိုင်တွေ ပြေးဆွဲတာလည်း မနိုင်ဘူး။ အရန်က ကစားသမားတွေပါ ဝင်လာပြီး ဖြစ်ကြတာပါ” လို့ ဘောလုံးပရိသတ်တစ်ဦးက ပြောပါတယ်။
ယင်းဖြစ်ရပ်အတွက် ဒိုင်လူကြီးက မြ၀တီအသင်းက (ကျောနံပတ် ၂၄) မျိုးမင်းအောင်၊ (ကျောနံပတ် ၂၇) စင်ဝါးအောင် နဲ့ သစ္စာအားမာန်အသင်းက (ကျောနံပတ် ၁၇) မျိုးမင်းခန့်၊ (ကျောနံပတ် ၂၁) ရာဇာအောင်ဟိန်း စတဲ့ ကစားသမား (၄) ဦးကို အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။
အနီကတ်ပြခဲ့ရတဲ့ ကစားသမား (၄) ဦး ကွင်းပြင်ထွက်ချိန်မှာ မြ၀တီကစားသမား မျိုးမင်းအောင်က ရာဇာအောင်ဟိန်းကို လက်သီးနဲ့ထပ်မံထိုးကြိတ်ခဲ့တာ ဖြစ်တယ်လို့ ဘောလုံးပရိတ်သတ်အချို့က ပြောပါတယ်။
“အနီကတ်ပြလို့ ကွင်းပြင်ထွက်နေရင်း လှမ်းဆဲရာကနေ မြ၀တီက မျိုးမင်းအောင်က ရာဇာအောင်ဟိန်းကို ထပ်ထိုးတာပါ။ လူငယ်ကစားသမားတွေ ဖြစ်ပြီး တော်တော်လေး စည်းကမ်းအားနည်းတာပါ။ ပြိုင်ပွဲတွေကလည်း အဖြစ်ကျင်းပနေသလို ပွဲကစားတဲ့ ကလေးတွေလည်း စိတ်ဓာတ်ပိုင်း ညံ့ဖျင်းပါတယ်။ ဒီလိုကလေးမျိုးကို ပြစ်ဒဏ်သေချာချမှတ်သင့်သလို လိဂ်အနေနဲ့ အသင်းတွေအနေနဲ့လည်း ဒါမျိုးတွေ မဖြစ်အောင် ပိုထိန်းဖို့ လိုပါတယ်” လို့ ဘောလုံးဝါသနာရှင်တစ်ဦးက ဆိုပါတယ်။
ဘောလုံးပရိသတ်အချို့က အဆိုပါရန်ဖြစ်တဲ့ရုပ်သံကို လူမှုကွန်ယက်မှာ ပြန်လည်မျှဝေရင်း မြန်မာလူငယ်ကစားသမားတွေကို ဘောလုံးမကန်ခိုင်းဘဲ လက်ဝှေ့သာ ထိုးစားကြဖို့ လှောင်ပြောင်ဝေဖန်နေကြပါတယ်။
ပွဲအပြီးမှာတော့ မြ၀တီနဲ့ သစ္စာအားမာန်အသင်းတို့ လက်ကျန် (၉) ဦးစီနဲ့ ဆက်လက်ယှဥ်ပြိုင်ပြီး (၃) ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။
ပြည်တွင်းလိဂ်ဘောလုံးပြိုင်ပွဲတွေမှာ မကြာခဏဆိုသလို ရန်ဖြစ်မှု၊ အငြင်းပွားမှု၊ ဒိုင်ကို ဆဲဆိုမှုတွေ ဖြစ်ပွားလေ့ ရှိပြီး ဘောလုံးအဖွဲ့ချုပ်က သက်ဆိုင်ရာအသင်း၊ ကစားသမားတွေကို ပြစ်ဒဏ်တွေ ချမှတ်ပေမယ့်လည်း စည်းကမ်းတကျထိန်းသိမ်းနိုင်မှု မရှိကြောင်း အားကစားနဲ့နီးစပ်သူတွေက သုံးသပ်ခဲ့ပါတယ်။
ဒါ့အပြင် အားကစားကွင်း ဆိုးဝါးမှုတွေ၊ ရုပ်သံထုတ်လွှင့်မှု အားနည်းမှုတွေ၊ ကစားသမားတွေရဲ့ အားကစားစိတ်ဓာတ် ညံ့ဖျင်းမှုတွေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ သက်တမ်းအလိုက် လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး ဘောလုံးအသင်းတို့ ရှုံးနိမ့်မှုတွေကြောင့်လည်း ဘောလုံးပရိသတ်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။

























































