နိုဝင်ဘာ-၂၁၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊စစ်တပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်က နေအိမ်နဲ့ ရွှေဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ပါတယ်။
မနေ့က (နိုဝင်ဘာ၂၀ရက်)မှာ မြို့ပေါ်က နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး ဒီကနေ့ နိုဝင်ဘာ၂၁ရက်နေ့လယ်မှာတော့ ကျောက်မဲမြို့မဈေးက ရွှေတောင်တန်းရွှေဆိုင် ဓားပြတိုက်ခံရတာလို့ သိရပါတယ်။
” အိမ်ကိုတိုက်တဲ့ဓားပြမှုကိုတော့ ရဲက မဆိုင်တဲ့သူတွေကိုပါဖမ်းစစ်နေတယ်။ ရွှေဆိုင်ဓားပြမှုကတော့ တရားခံမြင်ပေမယ့် ဖမ်းမမီဘူး။ ရွှေဆိုင်ကို တစ်ကိုယ်တော်ဓားပြတိုက်သွားတာ”လို့ ကျောက်မဲမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ရွှေဆ်ိုင်ဓားပြတိုက်ခံရတဲ့ဖြစ်စဉ်မှာ ရွှေဆွဲကြိုး၂၀ကုံးခန့်ပါသွားပြီး ကာလတန်ဖိုးကျပ်သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ကျောက်မဲမြို့ဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်((TNLA)က သိမ်းယူခဲ့ပြီး ၂၀၂၅ အောက်တိုဘာမှာ စစ်တပ်ကပြန်လည်ထိန်းချုပ်သွားတဲ့ မြို့ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ စစ်တပ်က မြို့ပေါ်မှာပဲ တပ်စွဲထားနိုင်သလို တရားဥပဒေစိုးမိုးရေးလည်း မလုပ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက်နဲ့ စက်တင်ဘာ၂၅ရက်ကလည်း ကျောက်မဲမြို့ဈေးက ရွှေဆိုင် ၂ဆိုင်ဟာ ဓားပြတိုက်ခံခဲ့ရပါတယ်။ စက်တင်ဘာလ ၁၂ရက်ဖြစ်စဉ်မှာ ဓားပြတိုက်ချိန်ဝင်ရောက်တားဆီးတဲ့သူတွေ သေနတ်နဲ့ပစ်ခံခဲ့ရပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။ တရားခံတွေကိုဖမ်းမိခြင်းမရှိဘူးလို့မြို့ခံတွေကပြောပါတယ်။

























































