နိုဝင်ဘာ-၂၁၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မုံရွာမြို့နယ်အတွင်းရှိ အဓိကလမ်းပိုင်းတွေမှာ ခရီးသွားပြည်သူတွေအနေနဲ့ ကားမှန်တင်မောင်းနှင်ခြင်း မပြုဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့မှာ မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိကာလမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာမြို့နယ်အပါအဝင် တော်လှန်ရေးထိန်းချုပ်နယ်မြေတွေအတွင်းကို ပုံစံအမျိုးမျိုးနဲ့ စိမ့်ဝင်ထိုးဖောက်နိုင်ဖို့ နည်းလမ်းမျိုးစုံအသုံးပြုကြိုးပမ်းနေကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီလို စိမ့်ဝင်လာမှုတွေကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အထူးကြပ်မတ် ကာကွယ်ရာမှာ အများပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုဟာ အရေးကြီးကြောင်း မုံရွာပကဖ က အသိပေးပါတယ်။

Public Service Announcement
ဒါ့ကြောင့် မုံရွာမြို့နယ်အတွင်းရှိ အဓိကလမ်းပိုင်းတွေဖြစ်တဲ့ မုံရွာ-မန္တလေး လမ်းပိုင်း၊ မုံရွာ-သာစည် လမ်းပိုင်း၊ မုံရွာ-ကျောက္ကာ လမ်းပိုင်း၊ မုံရွာ-အမြင့် လမ်းပိုင်းနဲ့ မြေနဲ-မိုးညှင်း-ဗောဓိ လမ်းပိုင်းတွေကို အသုံးပြုသွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ ခရီးသွားလာရာမှာ ကားမှန်ချပြီး မောင်းနှင်ပေးကြဖို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးဦးဆောင်အဖွဲ့က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးဦးဆောင်အဖွဲ့ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
လက်ရှိ မုံရွာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားနဲ့ ရိက္ခာတွေ အလုံးအရင်းနဲ့ ထပ်မံဖြည့်တင်းမှုတွေ ပြုလုပ်နေကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အင်အားဖြည့်တင်းနေတာဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေကို ပြန်လည်ရယူဖို့အတွက် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်ကြောင်း ကာကွယ်ရေးရဲဘော်အချို့က သုံးသပ်ပါတယ်။
”PDF စိုးမိုးနယ်မြေတွေကို စစ်တပ်က ပြန်ရဖို့အတွက် ထိုးစစ်ဆင်ချင်တဲ့သဘောပါ။ ကျွန်တော်တို့ PDF စိုးမိုးမှုယူထားတဲ့ မုံရွာ – မန္တလေးလမ်းပိုင်းကိုလည်း စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း NUG/MOD ထိုးစစ်ရပ်ပေးတာကို အခွင့်ကောင်းယူပြီး စစ်တပ်က အင်အားတိုး ကင်းပုန်းအထပ်ထပ်ချကာ ပြန်လည်စိုးမိုးမှုယူသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့တာဆိုတော့ နယ်မြေပြန်ရဖို့အတွက် အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်ဖို့အတွက်လို့ ယူဆရပါတယ်”လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်တပ်က စစ်ကြောင်းထိုးဖို့ ကြိုတင်ပြင်ဆင်နေတဲ့ အခြေအနေတွေ တွေ့ရှိနေရတဲ့အတွက် နမခ အနီးဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံပြည်သူတွေအနေနဲ့ ခရီးသွားလာမှုတွေကို အထူးသတိပြုကြဖို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးပါတယ်။
ဒါ့အပြင် လေကြောင်းရန်နဲ့ လက်နက်ကြီး ပစ်ခတ်မှုအန္တရာယ်တွေကနေ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းတွေကို အသင့်ပြင်ဆင်ထားကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

























































