နိုဝင်ဘာ-၂၁၊၂၀၂၆။ရောင်နီ/People’s Spring
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်ရဲ့ ကုမ္ပဏီကနေ နှစ်သစ်ကူးပွဲ အတွက် နာမည်ကျော် တောင်ကိုရီးယားကေပေါ့ပ်အဖွဲ့ EXO ရဲ့အဖွဲ့ဝင် SUHO ကိုဖိတ်ခေါ်ထားမှုအပေါ် ပရိသတ်တွေက လူမှုကွန်ရက်စာမျက်နှာတွေကနေ အပြင်းအထန်ဝေဖန်ကန့်ကွက်နေကြပါတယ်။
အာဏာသိမ်းစစ်တပ်က နိုင်ငံပုံမှန်အခြေအနေရှိနေသယောင် စစ်တပ်ထိန်းချုပ်ဒေသတွေမှာ ပျော်ပွဲရွှင်ပွဲတွေကို မပြတ်တမ်းကျင်းပနေတာမှာ ခင်သီရိသက်မွန်ရဲ့ ရွှေနဒီရွှေရည်ကုမ္ပဏီက နှစ်သစွကူးပွဲတော်အတွက် SUHO ကို ဖိတ်ခေါ်ထားကြောင်း ဒီရက်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။
“တခြားFandom က Boycott ရင်ကိုယ့်လူပဲခံရမှာနော်။ပွဲစီစဉ်သူက မအလ သမီး ၊ SUHO သာဒီကိုလာရင် သူလည်း အောင်ဇဗ္ဗူနဲ့ မခြားတဲ့ အဆင့်တစ်ခုကိုရောက်သွားလိမ့်မှာ။ဒီပွဲကို Boycott ရမှာ။ “လို့ EXO ရဲ့ အမာခံပရိသတ်တစ်ဦးကပြောပါတယ်။

Public Service Announcement
ဒီပွဲကိုလာရင် SUHO နဲ့ EXO အနေနဲ့ တစ်ဘဝလုံး အာဏာရှင်အားပေးတဲ့ ပုံရိပ်ကျန်ခဲ့မှာဖြစ်ပြီး လက်မှတ်ဖိုးတွေက အညာကိုကြဲမယ့်လေယာဉ်ဆီဖိုးပဲဖြစ်လိမ့်မယ်လို့ သတိပေးထားပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းပြည်သူသောင်းချီသေဆုံးစေခဲ့သလို ၊ပြည်သူ လေးသန်းကျော်ထွက်ပြေးရကာ၊နေအိမ်ပေါင်းတစ်သိန်းကျော်မီးရှို့ ဖျက်ဆီးတာတွေအတွက်အဓိကတာဝန်ခံရမယ့်သူဖြစ်ပါတယ် ။ဒါ့အပြင် ၂၀၁၇ သြဂုတ်လက ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လူမျိုးတုံးသတ်ဖြတ်ဖို့ အဓိကညွန့်ကြားသူဖြစ်လို့ လူမျိုးတုံးသတ်ဖြတ်မှုခေါင်းဆောင်လည်းဖြစ်ပါတယ်။
EXO ရဲ့အမာခံပရိသတ်တွေကတော့ SUHO လာရောက်မယ့်အပေါ် အပြင်းအထန်ဝေဖန်ထားပြီး EXO ရဲ့ ကုမ္ပဏီ SM Entertainment ကို မြန်မာနိုင်ငံအခြေအနေ အကြောင်း အီးမေးလ်နဲ့ စာတွေပို့ပြီးတောင်းဆိုတာတွေ ပြုလုပ်နေကြတာပါ။
လက်ရှိမှာ Facebook အပါအဝင်Twitter ၊ Instagram ၊ Tik Tok ပလက်ဖောင်းတွေကနေ SUHO မြန်မာနိုင်ငံကို မလာဖို့တောင်းဆိုနေကြတာဖြစ်ပြီး နိုင်ငံတကာက ပရိသတ်တွေပါ အခြေအနေကို သိသွားပြီးနောက်ပူးပေါင်းလာကြတယ်လို့ ဆိုပါတယ်။
“ဒီနေ့ ဒီအချိန်မှာ မြန်မာ EXO-L တွေရဲ့ သဘောထားကို SM Entertainment ဘက်က သေချာသိမြင်နားလည်နိုင်စေဖို့ ရည်ရွယ်ပြီး စီစဉ်ထားတဲ့ LED Truck လေးကို SM အဆောက်အအုံရှေ့အထိ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ပါပြီ။” EXO Fan Group တစ်ခုကအသိပေးထားပါတယ်။
မြန်မာEXO-L တွေရဲ့ သဘောထားကို ထိထိရောက်ရောက်ပိုဖော်ပြနိုင်ဖို့ ထုတ်ပြန်ချက်တွေထုတ်သွားဖို့လည်းရှိတယ်လို့ ဆိုပါတယ်။
“အခုဖြစ်နေတဲ့ Suho ကိစ္စမှာ တကယ်သာ ဘာမှမသိပဲ လာလိုက်လို့ရှိရင် Suho ရဲ့ idol life အဆုံးသတ်လုနီးပါးထိခိုက်နိုင်တယ်။ပြီးရင် EXO ရဲ့ image ကနေစလို့ SM Town အကုန်ပြိုလဲလုနီးပါးပဲ။” လို့ EXO ရဲ့ ပရိသတ်တစ်ဦးက Starbucks ကော်ဖီကို တောင်ကိုရီးယားမှာ Boycott ပြုလုပ်ခံရတာကို ဥပမာပေးပြီး ရေးသားထားပါတယ်။
ပရိသတ်တွေဘက်က ဝေဖန်မှုတွေရှိပေမယ့် မင်းအောင်လှိုင်သမီးရဲ့ ကုမ္ပဏီကတော့ ဂရုမစိုက်ပဲ SUHO လာရောက်မယ့်အကြောင်းကို ဗီဒီယိုနဲ့ကြော်ငြာတွေဆက်တိုက်တင်နေတာကိုတွေ့ရပါတယ်။
ရွှေနဒီရွှေရည်ကုမ္ပဏီကို မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်နဲ့ အတူ 7 Sense ထုတ်လုပ်ရေးကိုလုပ်ဆောင်ခဲ့တဲ့ ရွှေမန်း(ခ) ဝေမင်းမောင်က ဦးစီးလုပ်ဆောင်နေတာလို့ သိရပြီး ရွှေမန်းရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာလည်း ဒီပွဲအကြောင်း ပြန်လည်မျှဝေထားတာတွေ တွေ့ရပါတယ်။
ရွှေမန်းက အာဏာမသိမ်းခင်ကာလကတည်းက မင်းအောင်လှိုင်သမီးကုမ္ပဏီအတွက်ရှေ့ထွက် လုပ်ပေးနေသူဖြစ်ပြီး အာဏာသိမ်းကာလမှာတော့ ပြည်သူတွေရဲ့ လူမှုရေးပြစ်ဒဏ်ခတ်( Social Punishment)မှုတွေကြောင့် ပေါ်ပေါ်ထင်ထင်မလုပ်ဘဲ နောက်ကွယ်ကသာလုပ်ဆောင်နေတာဖြစ်ပါတယ်။
7 Sense အနေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို ပြည်သူတွေရဲ့ သပိတ်မှောက်မှုကြောင့် ထုတ်လုပ်ရေးနာမည်တစ်မျိုးပြီးတစ်မျိုးပြောင်းကာ ရုံတင်နေတာဖြစ်ပြီး ရွှေနဒီရွှေရည်ကလည်း ဒီကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

























































