နိုဝင်ဘာ-၂၁၊ ၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က အင်အား၂၀၀ကျော်နဲ့ စစ်ကြောင်းနှစ် ကြောင်းခွဲပြီးထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာလ ပထမပတ်ကစပြီး စစ်တပ်က ပေါက်ခေါင်းမြို့နယ်အတွင်းကချောင်းကောင်း၊ ရွှေကူ နဲ့ နတ္တလင်းကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ၁၅ရက်မှာစစ်တပ်က ချင်းလည်ဂိတ်ကနေပုဇိုးတောင်ဘက်ကိုအင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးတာတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement
“ချင်းလည်ဂိတ်ကနေ ပုဇိုးတောင်ကို အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးပါတယ်။ လယ်တီ၊ နီပါးစေး ရွာတွေမှာ နေအိမ်ဖျက်စီး။ဆိုင်ကယ်တွေ ဖုန်းတွေ ယူသွားတယ် “လို့ဒေသခံတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက်မှာ စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ပေါက်ခေါင်းမြို့နယ်၊ ပုလှကျေးရွာနဲ့ အရှေ့ကြိုကုန်းကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ကျေးရွာအတွင်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။
အဲ့ဒီလို ပစ်ခတ်မှုကြောင့် အသက် ၇၂ နှစ်အရွယ် အဘွားအိုတစ်ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ပြန်ဆင်းလာပြီး ပုလှရွာကို မီးရှို့ပါတယ်။ နေအိမ် ၃၃ လုံး နဲ့ ဇရပ်တစ်လုံး၊အဖွား ၇၂ နှစ်မီးထဲပါတယ်။ ကြို့ကုန်းရွာ လူနေအိမ် ၄ လုံး နဲ့ ကွမ်းယာဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်စီးသွားတယ် “လို့ဒေသခံတဦးကပြောပါတယ်။
အဲ့ဒီနောက်နိုဝင်ဘာ ၁၉ ရက် ညနေ ၄ နာရီအချိန်မှာ ကြို့ပင်ဝိုင်းကျေးရွာကို အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါတယ်။
ကြို့ပင်ဝိုင်းကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူထိခိုက်မှုရှိခဲ့ပြီး နေအိမ်ပျက်စီးတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့(နိုဝင်ဘာ ၂၁) မနက် ၅ နာရီဝန်းကျင်အချိန်မှာတော့ကြို့ပင်ဝိုင်းကျေးရွာအတွင်းက စစ်သားတွေဟာနှစ်ဖွဲ့ခွဲပြီး သဖန်းကိုင်းကျေးရွာအတွင်း ဝင်ရောက်သွားခဲ့တယ်လို့သိရှိရပါတယ်။
အခုလို ပေါက်ခေါင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရပြီးအကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးကပြောပါတယ်။
” ပုလှ ရွာ ၊ကြို့ကုန်းရွာနဲ့ ဖိုးကျော့ကွင်းရွာ မီးရှို့ဖျက်စီး အိမ်ထောင်စုတွေ စားဝတ်နေရေးခက်ခဲနေပြီးအရေးပေါ် လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေပါတယ်။ ဘယ်အဖွဲ့ကမှကူညီပေးထားတာမရှိပါဘူး”လို့စစ်ရှောင်ကူညီသူတစ်ဦးကပြောပါတယ်။
ပေါက်ခေါင်းမြို့နယ်အတွင်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့်ပုလှ၊ ကြို့ကုန်း၊ ဖိုးကျော့ကွင်း၊ ရွှေကူ ၊သဖန်းကိုင်း ၊ဆည်ကြီးကုန်း ၊မြေနီကျော၊ မြောက်ကန်၊ တောင်ကန်၊ ဒလမဲ စတဲ့ကျေးရွာက ဒေသခံထောင်ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

























































