ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ပြိုင်ဘက် နိုင်ငံရေး အင်အားစု နှစ်ခုကို ထောက်ခံသူတွေ အပြိုင်အဆိုင် ချီတက် ဆန္ဒပြကြရင်း ခိုက်ရန် ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့က စတင်ပြီး အာဏာရ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ (BNP)နဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ ဦးဆောင်ခဲ့တဲ့ အေဝါမီ အဖွဲ့ချုပ် ပါတီ (ALP)ကို ထောက်ခံသူတွေ အပြိုင် ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ALPဟာ တစ်ချိန်က အာဏာရ ပါတီ ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ နိုင်ငံရေး လှုပ်ရှားမှုတွေကနေ ပိတ်ပင်ခြင်း ခံထားရပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့ကတော့ ဆာနဲလ်ပါရာနဲ့ ဘရီရှာလစ်ခ် ရပ်ကွက်တွေထဲမှာ နှစ်ဖက်အင်အားစုတွေ ဆန္ဒပြရင်း ခိုက်ရန်တွေ ဖြစ်ခဲ့တာကြောင့် ဒဏ်ရာရသူ တချို့ ရှိခဲ့တယ်လို့ သိရပါတယ်။
ALPကို ထောက်ခံသူတွေဟာ နေ့လယ်ပိုင်းမှာ ဘီရာမြို့မ ရဲစခန်းရှေ့မှာ စုတင်စုဝေးခဲ့ပြီး အဲဒီနောက် BNP ထောက်ခံသူတွေက ဝိုင်းဝန်း ဖိအားပေးလို့ လူစုကွဲသွားခဲ့ကြောင်း မျက်မြင်တွေက ဆိုပါတယ်။

Public Service Announcement
ညပိုင်းမှာတော့ ဘရီရှာလစ်ခ်မှာ ရှိနေတဲ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌဟောင်း ရှမ်ဆူလ်ဟာကက် တူကူရဲ့ နေအိမ်ကို မီးတင်ရှို့တာ ခံခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း ALPနဲ့ BNPကို လူသိရှင်ကြား ထောက်ခံသူ တချို့ရဲ့ နေအိမ် ၁၀ လုံးနီးပါးလောက်ဟာ အပြန်အလှန် လက်စားချေပြီး မီးရှို့တာတွေ၊ တိုက်ခိုက်ဖျက်ဆီးတာတွေ ကြုံတွေ့ခဲ့ကြပါတယ်။
ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ရာထူးကနေ နုတ်ထွက်ပြီး အိန္ဒိယကို ထွက်ပြေး တိမ်းရှောင်သွားသူ ဟာဆီနာက နေရပ်ကို ပြန်လာနိုင်အောင် ပတ်စ်ပို့တ် ထုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ် အစိုးရက ငြင်းဆိုခဲ့ရာက ပြည်တွင်းမှာ တင်းမာမှုတွေ မြင့်တက်လာသလို ဟာဆီနာ ထောက်ခံသူတွေက စတင် ဆန္ဒပြလာတာ ဖြစ်ပါတယ်။
ဟာဆီနာဟာ ၂၀၂၄ ခုနှစ်တုန်းက ဆန္ဒပြ ကျောင်းသားတွေကို သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့ကြောင်း စွပ်စွဲခံရမှုအတွက် မျက်ကွယ်မှာ သေဒဏ် ချမှတ် ခံထားရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ ဘင်္ဂလားဒေ့ရှ်ဟာ ဟာဆီနာကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား အားပြိုင်မှုတွေကြောင့် ရှုပ်ထွေးတဲ့ အခြေအနေတွေကို ရင်ဆိုင် ကြုံတွေ့နေရပါတယ်။
ပြိုင်ဘက် ဆန္ဒပြသူတွေကြား ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရသူတွေ ရှိခဲ့တာကို ဘင်္ဂလားဒေ့ရှ် အစိုးရက အတည်ပြုပေမယ့် အရေအတွက် အတိအကျကိုတော့ မထုတ်ပြန်ပါဘူး။ ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခ ဖြစ်ကြတဲ့ နေရာတွေမှာ ရဲတပ်ဖွဲ့တွေ ရောက်ရှိနေခဲ့ပြီး အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားတာကို တွေ့ခဲ့ရကြောင်းလည်း မျက်မြင်တွေက ဆိုပါတယ်။
တချို့နေရာတွေမှာတော့ ရဲတွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့အတွက် မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေကိုပါ အသုံးပြုခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Dhaka Tribune























































