Connect with us

Hi, what are you looking for?

သတင်း

မြန်မာကျားဖြန့်ဂိုဏ်းနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ငွေလဲလုပ်ငန်းကို ထိုင်းရဲတပ်ဖွဲ့ စီးနင်း

မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်)ဂိုဏ်းတစ်ခုနဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ ငွေလဲလုပ်ငန်းကို ထိုင်းရဲတွေက ဝင်ရောက် စီးနင်းခဲ့ပါတယ်။

ဓာတ်ပုံ - Khaosod

နိုဝင်ဘာ-၂၃၊ ၂၀၂၆။ People’s Spring

မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်)ဂိုဏ်းတစ်ခုနဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ ငွေလဲလုပ်ငန်းကို ထိုင်းရဲတွေက ဝင်ရောက် စီးနင်းခဲ့ပါတယ်။

ဖက်ချာဘူရီပြည်နယ်ထဲမှာ ရှိနေတဲ့ အဲဒီလုပ်ငန်းဟာ မြန်မာကျားဖြန့်ဂိုဏ်းတစ်ခုရဲ့ ငွေကြေး အလွှဲအပြောင်းလုပ်ငန်းတွေမှာ အသုံးပြုတဲ့ နာမည်ခံဘဏ်စာရင်းတွေနဲ့ ပတ်သက်ဆက်နွှယ်တယ်လို့ ယုံကြည်ရတာကြောင့် အခုလို စစ်ဆေးခဲ့တာလို့ ရဲတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်က ခိုယိုင်ခရိုင်၊ ဆာဖန်မြို့နယ်ထဲက ငွေကြေးလဲလှယ်မှုနဲ့ ငွေသားအပ်နှံမှု လုပ်ငန်းလည်ပတ်နေရာ ကုမ္ပဏီတစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့တဲ့နောက် ဘတ်သန်း ၃၅၀ ဖိုး ငွေကြေး လွှဲပြောင်းမှုတွေကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေဟာ အဲဒီကုမ္ပဏီရဲ့ အီလက်ထရောနစ် ပစ္စည်းတွေ၊ ဆက်သွယ်ရေး ကိရိယာတွေ၊ ဘဏ်စာအုပ်တွေ၊ ငွေထုတ်ယူမှု မှတ်တမ်းတွေ၊ ငွေလွှဲမှတ်တမ်းတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ နွန်သာဘူရီမှာရှိတဲ့ ပြည်သူတစ်ဦးဆီက ဘတ် ၂ သန်းခွဲနီးပါး လိမ်လည်သွားတဲ့ ကျားဖြန့် လုပ်ငန်းတစ်ခုအကြောင်း တိုင်ကြားချက်ကြောင့် စုံစမ်းရင်း ပိုမိုကျယ်ပြန့်ပြီး ဝန်ထမ်း အများအပြား ပါဝင်လှုပ်ရှားနေတဲ့ ကွန်ရက်တစ်ခုကို ခြေရာခံမိလာကြောင်း သိရပါတယ်။

အဲဒီကွန်ရက်ထဲမှာ ပါဝင်သူတွေဟာ တာဝန်တွေ အသီးသီး ခွဲယူထားကြပြီး လှည့်စားခံရတဲ့ နစ်နာသူတွေဆီက ငွေတွေကို လက်ခံဖို့ နာမည်ခံ ဘဏ်စာရင်း ဖွင့်တာတွေ၊ ငွေသားထုတ်ယူတာတွေ၊ ရလာတဲ့ ငွေတွေကို တခြားပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲပြီး ငွေကြေး ခဝါချတာတွေ၊ ရွှေဝယ်တာတွေ အပိုင်းလုပ် လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရရှိလာတဲ့ ငွေသားနဲ့ ပိုင်ဆိုင်မှုတွေကိုတော့ ကွန်ရက်အတွက် အဓိက ကြိုးကိုင်နေသူတွေဆီကို လွှဲပြောင်းပေးပါတယ်။ သက်သေ အထောက်အထားတွေကို စုစည်းပြီးတဲ့နောက် ရဲတွေက အဲဒီကွန်ရက်နဲ့ ဆက်စပ်နေသူ ၁၁ ဦးအတွက် တရားရုံးဆီကနေ ဖမ်းဝရမ်း ယူခဲ့ပါတယ်။

နောက်တော့ ဆက်စပ်စုံစမ်းမှုတွေ ချဲ့ထွင်လုပ်ဆောင်ရင်း ဖက်ချာဘူရီမှာ ရှိနေတဲ့ ငွေလဲလုပ်ငန်းကို ခြေရာခံမိလာတာ ဖြစ်ပါတယ်။ ကုမ္ပဏီကို ဝင်ရောက်ရှာဖွေတဲ့အခါ ငွေကြေးလဲလှယ်မှုနဲ့ ငွေသွင်းငွေထုတ် စနစ်တွေကို စီမံခန့်ခွဲနေတဲ့ မြန်မာ ဝန်ထမ်းတွေကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ကွန်ရက်နဲ့ ချိတ်ဆက် အလုပ်လုပ်နေတဲ့ နောက်ထပ် ကျားဖြန့်ဂိုဏ်းသား နှစ်ဦးကိုပါ ဘန်ကောက်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ ရဲတွေဟာ မြန်မာဖက်ခြမ်းက ကျားဖြန့်ဂိုဏ်းအတွက် နာမည်ခံ ဘဏ်စာရင်းတွေ ကိုင်တွယ်ပေးတဲ့ နောက်ထပ် သုံးဦးကိုလည်း ဖမ်းဆီးထားတဲ့အတွက် ကွန်ရက်နဲ့ ဆက်စပ်ပြီး အဖမ်းခံရသူ ငါးဦးထိ ရှိလာခဲ့ပါတယ်။ အခုကွန်ရက်နဲ့ တိုက်ရိုက် မဆက်စပ်တဲ့ တခြားကျားဖြန့် သံသယ တရားခံ နှစ်ဦးကိုပါ ဖမ်းမိထားပြီး သံသယရှိသူ လေးဦးကိုလည်း ရဲတွေက ဆက်လက် ရှာဖွေနေကြောင်း သိရပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

Facebook