ချက်အရက်၊ အရက်ပုန်းတွေ သောက်မိရာက အိန္ဒိယ နိုင်ငံမှာ လူ ၁၁ ဦး သေဆုံးခဲ့ပြီး ရာနဲ့ချီ ဆေးရုံရောက်ခဲ့ကြောင်း သိရပါတယ်။
နိုင်ငံ အရှေ့မြောက်ပိုင်းက မဏိပူရ ပြည်နယ်ထဲမှာ အဆိပ်အတောက် ရောနေတဲ့ ချက်အရက် သောက်မိရာက လူတွေ အများအပြား ဆေးရုံရောက်လာခဲ့ပြီး သေဆုံးသူ ၁၁ ဦးထက်မနည်း ရှိခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ယွမ်နမ် ခမ်ချန်ဆင်းက နိုဝင်ဘာ ၂၀ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဆေးရုံတက်ရသူ အရေအတွက်ကလည်း ထပ်မံတိုးလာနေပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ ၁၈၀ ထိ များပြားလာပါတယ်။ ချက်အရက်ကြောင့် ဆေးရုံတက်ရသူ အများစုကို ဆေးရုံနှစ်ခုက လက်ခံ ကုသပေးထားပါတယ်။
ဝန်ကြီးဟာ နိုဝင်ဘာ ၂၀ တုန်းက အင်ဖာမြို့မှာ ဆေးရုံတက်နေရတဲ့ လူနာတွေကို သွားရောက် တွေ့ဆုံခဲ့ပါသေးတယ်။ ခမ်ချန်ဆင်းက အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် စုံစမ်းစစ်ဆေး အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။

Public Service Announcement
တရားဝင် စံနှုန်းတွေနဲ့ ချက်လုပ်ထားတာ မဟုတ်ဘဲ စျေးပေါပေါနဲ့ လိုင်စင်မဲ့ ရောင်းချတဲ့ ချက်အရက်၊ အရက်ပုန်းတွေထဲမှာ လူကို သေဆုံးစေတဲ့ထိ အဆိပ်အတောက် ပြင်းထန်တဲ့ စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်း မက်သနောတွေ ရောနှော ပါဝင်နေလေ့ ရှိပါတယ်။ အိန္ဒိယမှာတော့ နိုင်ငံအနှံ့မှာ အရက်ပုန်း ရောင်းချမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသလို မက်သနောကြောင့် လူတွေသေတဲ့ သတင်းတွေကိုလည်း မကြာခဏ ကြားရလေ့ ရှိပါတယ်။
မေလတုန်းကလည်း မက်သနော ရောပါနေတဲ့ ချက်အရက်တွေ သောက်မိရာက အိန္ဒိယ အနောက်ပိုင်းက မဟာရက်ရှ်ထရာ ပြည်နယ်ထဲမှာရှိတဲ့ ပူနေးနဲ့ ပင်ပရီချင်ချ်ဝက်ဒ်တို့မှာ လူ ၁၅ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။ ဩဂုတ်လမှာလည်း တူညီတဲ့ အကြောင်းရင်းကြောင့် ဂူဂျာရတ်ပြည်နယ်ရဲ့ ဘာ့ဗ်နာဂါ ဒေသမှာ လူ ၁၃ ဦးသေပြီး ၆၀ လောက် ဆေးရုံရောက်ခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အန္တရာယ်များမှန်း သိပေမယ့်လည်း အိန္ဒိယနိုင်ငံအနှံ့၊ အထူးသဖြင့် ဝင်ငွေနိမ့်တဲ့ အောက်ခြေလူတန်းစားတွေကြားမှာ အဲဒီအရက်တွေကို သောက်သုံးနေကြဆဲပါ။ ချက်အရက် တစ်ပုလင်းဟာ တစ်ဒေါ်လာအောက်ထိ စျေးပေါတာကြောင့်လည်း အလွယ်တကူ ဝယ်ယူဖို့ လက်လှမ်းမီကြပါတယ်။
မက်သနော အဆိပ်သင့်တဲ့အခါ အသည်းပျက်စီးတာ၊ မျက်စိကန်းတာမျိုးတွေထိ ဖြစ်စေနိုင်ပြီး ပမာဏ များပြားရင် အသက်ပါ ဆုံးရှုံးစေတတ်ပါတယ်။
ကိုးကား: AFP
























































