ရုရှားရဲ့ ဒုံးကျည်တစ်စင်းက ပိုလန်နိုင်ငံ ပိုင်နက်ကို ထိမှန်ခဲ့ကြောင်း ပိုလန် ဝန်ကြီးချုပ် ဒေါ်နယ်လ်တက်စ်ခ်က ပြောကြားခဲ့ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတစ်ခု ပိုလန်နိုင်ငံထဲမှာ လုပ်ဆောင်နေချိန် အခုအခြေအနေနဲ့ ကြုံခဲ့တာဖြစ်ပြီး မတော်တဆ သက်သက်လို့ ယူဆဖို့ခက်ကြောင်း တက်စ်ခ်က ဆိုပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့က ပိုလန် လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အရာဝတ္ထု သုံးခုထဲမှာ အဲဒီ ခရုစ်ဒုံးကျည်လည်း ပါဝင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒုံးကျည်ထိမှန်လို့ လူတွေ ထိခိုက်ဒဏ်ရာရတာ၊ အရာဝတ္ထုတွေ ပျက်စီးဆုံးရှုံးတာ မရှိပေမယ့်လည်း ဒီကိစ္စကို တမင်ရန်စမှု တစ်ခုအဖြစ် ယူဆကြောင်း ပိုလန်ဝန်ကြီးချုပ်က ပြောပါတယ်။ ရုရှားကတော့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ နိုဝင်ဘာ ၂၀ ရက်နေ့တုန်းက ရုရှားဟာ စစ်ပွဲစတင်တဲ့ ၂၀၂၂ နောက်ပိုင်း ယူကရိန်းအပေါ် အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုတွေထဲက တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။
ပိုလန် ကာကွယ်ရေးဝန်ကြီး ဝလာဒီဆလော် ကိုဆင်ညက် ကမ်မစ်ဇ်က Kh-101 ဒုံးကျည်ဟာ ပိုလန်တောင်ပိုင်း၊ ယူကရိန်းနယ်စပ်နဲ့ ကီလိုမီတာ ၅၀ လောက်အကွာ ကျေးလက်ဒေသ တစ်ခုဖြစ်တဲ့ နိုဝီ လီပိုဝီယက်မှာ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement
အဲဒီ ဒုံးကျည်ဟာ ပစ်မှတ်တွေကို တိတိကျကျ ချိန်ရွယ်နိုင်အောင် ပဲ့ထိန်းစနစ် တပ်ဆင် ဒီဇိုင်းထုတ်ထားတာလို့လည်း ဝန်ကြီးက ပြောပါတယ်။ အနီးအနားမှာရှိတဲ့ ကျေးရွာတစ်ခုမှာ တပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာတွေက မြေပြင်ပေါ် ဒုံးကျည် ကျရောက်ပြီး ပေါက်ကွဲမှုကြီး ဖြစ်လာတာကို ရိုက်ကူးထားနိုင်ခဲ့ပါတယ်။
ဒုံးကျည်လို့ ယူဆရပြီး အတည်မပြုနိုင်သေးတဲ့ အရာတစ်ခုကလည်း နိုဝီ လီပိုဝီယက်ရဲ့ အနောက်ဖက်မှာရှိတဲ့ ရူဒ်နစ်ခ်နက်ဒ် ဆာနမ် ဧရိယာကို ကျဆင်းခဲ့ပါတယ်။ ဂျက်အင်ဂျင် တပ်ထားတဲ့ ဒရုန်းတစ်စီးကလည်း မိုလိုဒစ်ဇ်မှာ ပျက်ကျခဲ့တယ်လို့ ကိုဆင်ညက် ကမ်မစ်ဇ်က ဆိုပါတယ်။
ပိုလန်ဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုပါ။ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးက ဒီဖြစ်ရပ်ဟာ ပိုလန်ရဲ့ အချုပ်အခြာ လေပိုင်နက်ကို အကြီးအကျယ် ချိုးဖောက်ထိပါးမှုလို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။ ပြီးတော့ အခုကိစ္စကို တုံ့ပြန်ဖို့အတွက် NATO တိုက်လေယာဉ်တွေက အပူတပြင်း ပျံတက်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ဗြိတိန်နဲ့ ပြင်သစ်တို့ ဦးဆောင်ပြီး ၁၁ နိုင်ငံပါဝင်တဲ့ ကိုလစ်ဂျာ ၂၀၂၆ စစ်ရေးလေ့ကျင့်မှုကို ပိုလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ လုပ်ဆောင်နေချိန် အခုလိုမျိုး ရုရှားဒုံးကျည်နဲ့ ဒရုန်းတွေ နယ်ကျော်ဝင်ရောက်တဲ့ ဖြစ်ရပ် ပေါ်ပေါက်လာတာပါ။
စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်နေတဲ့ နေရာနားကို အဲဒီလို လက်နက်ပစ္စည်းတွေ ကျလာတယ် ဆိုတာက တိုက်ဆိုင်မှု သက်သက်လို့ ယူဆဖို့ခက်ကြောင်း တက်စ်ခ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
နာရီတချို့ အကြာမှာတော့ ဗြိတိန်၊ ပြင်သစ်၊ ပိုလန်၊ အက်စ်တိုးနီးယားနဲ့ လစ်သူယေးနီးယား ကာကွယ်ရေး ဝန်ကြီးတွေဟာ စစ်ရေးလေ့ကျင့်နေတဲ့ နေရာကို သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဝက်စ်စထရိတင်းက အစောပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စဟာ ဥရောပ နိုင်ငံတွေကြား သွေးခွဲဖို့၊ ယူကရိန်းရဲ့ မဟာမိတ်တွေကို အနှောင့်အယှက်ပေးဖို့ ထင်ရှားမြင်သာတဲ့ နောက်ထပ် ရန်လို ကျူးကျော်မှု တစ်ခုလို့ မှတ်ချက်ပေးသွားပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်းကလည်း ပိုလန်ကြုံတွေ့ခဲ့တဲ့ ဒုံးကျည် ကျူးကျော်ကျရောက်မှု ဖြစ်စဉ်ဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ ဝေဖန်သွားပါတယ်။ ယူကရိန်းစစ်ပွဲ ကာလတလျှောက် အရင်ကလည်း ပိုလန်နဲ့ ဒေသတွင်း NATO အဖွဲ့ဝင် နိုင်ငံတချို့ရဲ့ ပိုင်နက်ထဲ ရုရှားဒရုန်းနဲ့ ခဲယမ်းတွေ ကျရောက်တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။
ကိုးကား: BBc

























































